၁။ ဒေါသဖြစ်ချိန်ဘာမှမလုပ်နဲ့
ဒေါသဖြစ်ချိန်မှာ ဘာမှမလုပ်တာ အကောင်းဆုံးပဲ။ လုပ်ရင်အမှန်ဖြစ်ဖို့ထက် အမှားဖြစ်ဖို့က အားသာနေပါတယ်။ ဒေါသဖြစ်ချိန် သွေးဆူနေတော့ အဲသည့်ဆူတဲ့သွေးကလည်း လူကိုပူစေပါတယ်။ ဒေါသဖြစ်ချိန်မှာ ဘာမှမလုပ်ခြင်းက အဲသည်အကြောင်းအရာတွေကို မေ့လျော့သွားမယ်။
တိတ်တိတ်ဆိတ်ဆိတ်နေတာက စိတ်ကိုအေးငြိမ်းခွင့်ပေးတဲ့အတွက် ဒေါသကကိစ္စကို အဖြေထုတ်ဖို့ သင့်/မသင့် ဆုံးဖြတ်ခွင့်ရပါတယ်။ ဒေါသအပေါ်မှာ ဆန္ဒစောပြီး ထလုပ်ရင် ပိုရှုပ်ကုန်တတ်တယ်။ စိတ်ငြိမ်းအေးမှုလေ့လာချက်မှာ ဒေါသဖြစ်ချိန်အတွင်း ဘာမှဆုံးဖြတ်ချက် ချက်ခြင်းမချသေးတာဟာ အကောင်းဆုံးပါပဲတဲ့။ လောကမှာ အမှားတော်တော်များများဟာ ဒေါဖြစ်ချိန်မှာထပြီး လုပ်မိကြလို့ဖြစ်ပါတယ်။ စဉ်းစားလုပ်ရင် သိပ်မမှားကြပါဘူး။
၂။ တစ်မှတစ်ဆယ် တစ်ရာတစ်သောင်းအထိ ရေတွက်
ဂဏန်းတွေ နှုတ်ကနေ ရေတွက်ခြင်းကလည်း ဒေါသထိန်းနည်း၊ လျော့နည်းပါပဲ။ စိတ်လှုပ်ရှားထကြွမှုကို ပြောင်းလဲဖို့ တစ်မှတစ်ဆယ်၊ တစ်ရာ၊ တစ်ထောင် အခေါက်ခေါက်အလီလီ ရေတွက်နေပါ။ အချိန်ကြာအောင် စောင့်ဆိုင်းရေတွက်နိုင်တာနဲ့အမျှ အမျက်ဒေါသလျော့သွားမယ်။ လက်တွေ့ဆန်တဲ့ ဒေါသထွက်မှုကို ထိန်းချုပ်ခြင်းအလုပ်မျိုးပါပဲ။ မြက်ပင်တွေကို ရေတွက်ပြီး နုတ်နေလို့လည်းရပါတယ်။ ထင်းတွေ ရေတွက်ပြီး ခွဲနေလို့လည်းရတယ်။
၃။ သမထနည်းနဲ့ ဒေါသထိန်း
သမထနည်းနဲ့ ဒေါသထိန်းတာကတော့ လုပ်နိုင်ရင် လုပ်တတ်ရင် အထိရောက်ဆုံးပါပဲ။ စိတ်နဲ့ကိုယ်ကို နှလုံးသွင်းမှုပဲဖြစ်တယ်။ ယောဂခေါ် ဟိန္ဒူကျင့်စဉ်အရ သမထအားထုတ်သူတွေဟာ စိတ်ပျံ့လွင့်မှုနဲ့ ဒေါသဖြစ်တဲ့ တွေးဆမှုကိုငြိမ်းအေးစေဖို့ စနစ်တကျ လုပ်နည်းလုပ်ဟန်ကို တတ်သိကြတယ်။ အမျက်ဒေါသ ထွက်လွယ်သူများအတွက် သမထနည်းနဲ့ ဒေါသထိန်းချုပ်မှုဟာ အအောင်မြင်ဆုံးနည်းပါပဲ။
၎။ ရယ်မောပစ်ရင် ဒေါသချုပ်တယ်
ရယ်မောပစ်ရင် ဒေါသပျောက်တယ်ဆိုတာ တစ်ကယ်ပါ။ ဒေါသရှိနေသူကို ရယ်လာအောင်လုပ်ပါ။ ကလေးဒေါသဆိုရင် ချက်ချင်းပျောက်ပါတယ်။ ကလိထိုးပေးရုံနဲ့ ပျောက်တယ်။ အလိုမကျ လူကြီးဒေါသတောင် ရယ်စရာတွေ့ရင် ရွှင်ပြုံးမှုရှိလာတာပဲ။ စိတ်ပညာသမားတွေက ဒေါသထွက်နေသူကို ရွှင်လန်းရယ်မောလာအောင် ကုစားနည်းကို သုံးကြတယ်။
၅။ ရန်စသူကို ကိုယ်ချင်းစာ
ရန်သူကို ကိုယ်ချင်းစာ။ အဲသည်ကိစ္စက သိပ်မလွယ်ဘူး။ ဒါပေမဲ့ ဆင်ခြင်ကြည့်ရင်တော့ ရတယ်။ သည်လူ ဘာလို့ရန်စသလဲ၊ သူ့ဦးနှောက်က နိမ့်ကျနေလို့လား၊ အတွေးအခေါ်မရှိလို့လား၊ ကိုယ့်ထက် ဆင်းရဲပြီး အဘက်ဘက်က ဒုက္ခရောက်နေသူလား၊ သူ့မှာ စိတ်မချမ်းမသာ ဖြစ်နေချိန်မို့ သည်လိုဖြစ်တာလား၊ သူကမထီမဲ့မြင် လုပ်ခြင်းက ငါ့အဖို့ ဘာမှ ထိခိုက်မသွားဘူးဆိုတဲ့ ကိုယ်ချင်းစာမှုတွေနဲ့ သည်းခံလိုက်တာဟာ ကောင်းလှတဲ့ ကိုယ်ချင်းစာမှုတွေပါပဲ။
၆။ အော်ဟစ်ခြင်းကလည်း ဒေါသနည်းမသွားဘူးလို့ဆိုပါတယ်။
အော်ဟစ်တာက ဒေါသမလျော့ပါဘူး။ အသံကျယ်လေ ဒေါသကြီးလေပဲ ဖြစ်မှာပါ။ ကျူးကျော်စော်ကားခြင်းကို လေ့လာတဲ့ စိတ်ပညာဆရာတွေက အော်ဟစ်ခြင်းက ဒေါသမယုတ်လျော့ဘူးလို့ ဆိုတယ်။ အချို့က အော်ဟစ်တဲ့အတွက် ပိုဒေါသ ဖြစ်ကြတယ်။ ငါ့ကို မအော်နဲ့လို့ ပြောတတ်ကြတယ်။ အော်သူမှာကလည်း မောပြီးတော့ ဒေါသပိုပြီး ဖြစ်ပါတယ်။ အော်ဟစ်ခြင်းက စော်ကားခြင်းတစ်မျိုးပါပဲ။
၇။ ထုတ်ဖော်ပြောမှုက ဒေါသလျော့မသွားပါ
ဒေါသကို ထုတ်ဖော်ပြောမှ ပိုဆိုးတာရှိတယ်။အချို့က ပြောပစ်လိုက်ရင် သက်သာတယ် ပြောတယ်။ လူ့ရဲ့ နစ်နာမှုကို ခရေစေ့တွင်းကျ ပြန်ပြောတော့ ပိုစိတ်လှုပ်ရှားပြီး မေ့နေတာတောင် ပြန်သတိရတယ်။ ဒေါသထွက်ပေးတာကို အကုန်အစင်ပြောလိုက်လို့ ဒေါသပြေတယ်၊လျော့တယ်လို့ အနောက်တိုင်းသားတွေ ယူဆတယ်။ အဲဒါ ပုံသေမမှန်နိုင်ပါဘူး။ ဒေါသကို ထူတ်ဖော်သင့်၊ မသင့် ဆုံးဖြတ်ချက်က ''ဘယ်အကြောင်းအရာကို သိစေလို၍ မည်သို့အကျိုးတရားရစေလို၍'' ဆိုတဲ့ ဆန္ဒပေါ်မှာသာ မူတည်နိုင်ပါတယ်။ ဒေါသကို ထုတ်ဖော်တာနဲ့ တိတ်တိတ်နေတာဟာ လူပေါ်မှာ မူတည်တာပါပဲ။
0 comments:
Post a Comment