လေရောဂါသည် ရောဂါအထွေထွေတို့၏ အခြေခံအကြောင်းတရပ် ဖြစ်ပါသည်။ လေရောဂါ မဖြစ်ဘူးသူဟူ၍ လောကတွင် မရှိဆိုလျှင် ဆိုသင့်သောအဆိုတရပ် ဖြစ်ပါသည်။ မှန်ပါ၏။
အကြောင်းမှာ-မိမိဘ၀တလျှောက် အောက်ပါလေရောဂါ တမျိုးမျိုး ခံစားဖူးမည်မှာ သေချာပါသည်။ ခံသာသည် (သို့မဟုတ်) မခံသာအောင် ပြင်းပြင်းထန်ထန် ခံစားရသည်မှာ ကွာခြားပေလိမ့်မည်။ တချို့ဆိုလျှင် အသက်ပင် စွန့်သွားကြရလေပြီ။
လူအများစု ဖြစ်လေ့ရှိသော လေရောဂါများမှာ.......
၁။ လေထိုးခြင်း။
၂။ လေနာခြင်း။
၃။ လေအောင့်ခြင်း။
၎။ လေပွခြင်း။
၅။ လေကျစ်ခြင်း။
၆။ လေကျပ်ခြင်း။
၇။ လေညှပ်ခြင်း။
၈။ လေထန်ခြင်း။
၉။ လေအန်ခြင်း။
၁၀။ လေဆန်ခြင်း။
၁၁။ လေနင့်ခြင်း။
၁၂။ ကြို့ထိုးခြင်း။
၁၃။ ချေဆတ်ခြင်း။
၁၄။ သမ်းဝေခြင်း။
၁၅။ နားလေထွက်ခြင်း။
၁၆။ ၀မ်းလေယုတ်ခြင်း စသည်ဖြင့် လေအကြောင်းခံသည့် ရောဂါများမှာ အလွန်များပြားလှပါသည်။ ဗိန္ဒော ဆေးကျမ်းအလိုအားဖြင့် လေမျိုး ၈၀-ဟူ၍ပင် ဆိုချေသေး၏။
သတ္တလောကမှာသာ လေသည် ပဓာနကျသည်မဟုတ်သေး။ သြကာသလောကတွင်လည်း လေပြည် လေညင်း၊ လေပူ၊ လေအေး၊ လေနီကြမ်း၊ လေဆင်နှာမောင်း၊ လေမုန်တိုင်း၊ ညစ်ညမ်းသော လေ၊ စက်ရုံ၊ အလုပ်ရုံပေါင်း မြောက်များစွာမှ စွန့်ပစ်ပစ္စည်း အခိုးအနံ့ဆိုးများ ပါဝင်သောလေ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ မျိုးစုံတွင် စမ်းသပ်အသုံးပြုသည့် ဓာတုဓာတ်ငွေ့မျိုးစုံ ပါဝင်သည့်လေ-စသည်ဖြင့် အရေးကြီးလှပေသေး၏။
သတ္တလောက၏ အဇ္ဈတ္တသန္တာန် ကိုယ်တွင်းရှိ လေတို့သည် မဖောက်မပြန် ကျေးဇူးပြုသည်ရှိသော် ဓာတ်တို့ကို ကောင်းစွာသွားစေခြင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် စသော ဣနြေ္ဒအကြည်ဓာတ်တို့၏ ကိစ္စကို ပြီးစေခြင်း၊ ၀မ်းမှန်၊ ဆီးမှန်ခြင်း၊ ရာသီသွေးမှန်ခြင်း၊ သားသမီးဖွားမြင်ရာ၌ လွယ်ကူစေခြင်း၊ လျောင်း၊ ထိုင်၊ ရပ်၊ သွား ၎င်းရိယာပုထ် လေးပါးလုံး ပေါ့ပါးလျင်မြန် သွက်လက်စေခြင်း။ ထွက်သက်၊ ၀င်သက် ရှူရှိုက်ရာတွင် မောပန်းခြင်းမရှိ ချမ်းသာလွယ်ကူစေခြင်း၊ ခြေဖျား လက်ဖျားများ မအေး၊ နွေးထွေးစွာရှိခြင်း၊ ကျင်ကြီး ကျင်ငယ် သုက်သွေးတို့ကို အောက်သို့ ဆွဲငင်နှင်ထုတ်တတ်ခြင်း၊ ခြေသည်း လက်သည်းခွံ သွေးရောင် ကြည်လင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
ထို့အတူပင် သြကာသလောက၊ ဗဟိဒ္ဓသန္တာန်အတွင်းရှိ လေတို့သည်လည်း မဖောက်မပြန် ကျေးဇူးပြု သည်ရှိသော် စပါးလှေ့ခြင်း၊ စိုစွတ်သည်များကို ခြောက်သွေ့စေတတ်ခြင်း၊ နူးညံ့သိမ်မွေ့စေခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
သြကာသလောကဓာတ်အတွင်းမှ လေကောင်းလေသန့် မှန်မှန်ပြည့်ပြည့်၀၀ လုံလုံလောက်လောက် ရရှိပါမှ သတ္တလောကအတွင်း လေတို့သည် အကျိုးပြုသောလေများကို ဖြစ်ထွန်းစေနိုင်ပါသည်။ အသက်ရှည်ခြင်းနှင့် ကျန်းမာခြင်းအတွက် လေကောင်းလေသန့်သည် သက်ရှိသတ္တ၀ါအားလုံး၏ သော့ချက်ပင် ဖြစ်ပါသည်။ အနည်းငယ်မျှ လျှော့မတွက်သင့်ပါ။
မြန်မာမှုနယ်ပယ်တွင်-( လေမစုံလျှင် ငွေကုန်သည် )-ဆိုသောစကားတရပ် အခိုင်အမာရှိပါသည်။ လောကအတွေ့အကြုံပေါင်းများစွာက ပေးခဲ့သော သင်ခန်းစာပင် မဟုတ်ပါလော။ အလေးအနက်ထား စဉ်းစားသင့်ပါ၏။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျ မတန်တဆ များနေကြရသည်မှာ လေမစုံ၍သာ ဖြစ်ပေလိမ့်မည်။ လေပြည့်စုံသည်ဟု ဆိုနိုင်ဖို့ရာ ဘေသဇ္ဇနယ (ဗိန္ဒော) ဆေးပညာရှုထောင့်မှ အနည်းဆုံး ၅-ချက်ခန့် သိထားသင့်ပေသည်။ ဒေသနာနယ (ဗုဒ္ဓနည်းကျ) ဆေးပညာရှုထောင့်မှ ၆-ချက်ခန့်သာ သိထားရပေမည်။
ဘေသဇ္ဇနယ (ဗိန္ဒော) ဆေးပညာရှုထောင့်မှ သိသင့်သည့်အချက်များကို ရှေးဦးစွာ တင်ပြသွားပါမည်။
( ၁ ) ဦးခေါင်း၌ တည်သောလေ (ပါဏလေ)၊
ထိုလေသည်ကား တံတွေးထွေးခြင်း၊ ချေဆတ်ခြင်း၊ ချောင်းဆိုးခြင်း၊ အော့အန်ခြင်း၊ အစာသွင်းခြင်း ဟူသော ကိစ္စတို့ကို ဆောင်ရွက်၏။
ဤလေဖောက်ပြန်ခဲ့သည်ရှိသော်-ကြို့ထိုး ပြင်းထန်ခြင်းနှင့် ပန်းနာလေရောဂါတို့ကို အထူးဖြစ်စေတတ်၏။
( ၂ ) ရင်ခေါင်း၌ တည်သောလေ (ဥဒါနလေ)၊
ထိုလေသည် အင်အား၊ သတိတရား စကားပြောခြင်း၊ ထိုင်ခြင်း၊ ထခြင်းဟူသော ကိစ္စတို့ကို ဆောင်ရွက်၏။
ဤလေ ဖောက်ပြန်ခဲ့သည်ရှိသော်-ကုပ်ဆက်၌ဖြစ်သော ရောဂါမျိုးစုံကို ဖြစ်စေတတ်၏၊ ယခုအခါ လည်ပင်းရိုး ကျီးပေါင်းတက်ခြင်း၊ လက်ပြင်ငုပ်ခြင်း၊ ကပ်ခြင်း၊ အုံးလွဲခြင်း၊ ပြင်းပြင်းထန်ထန် ဇက်ကြောတက်၊ ခေါင်းကိုက်ခဲခြင်းတို့ ဖြစ်စေတတ်၏။
( ၃ ) နှလုံး၌ တည်သောလေ (ဗျာနလေ)၊
ထိုလေသည်ကား သွားခြင်း၊ လာခြင်း၊ အထက်သို့မြှောက်ခြင်း၊ အောက်သို့ချခြင်း၊ မျက်စိမှိတ်ခြင်း၊ ဖွင့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း-ဟူသော ကိစ္စတို့ကို ဆောင်ရွက်၏။
ဤလေဖောက်ပြန်သည်ရှိသော်-အသွားအလာ အလွန်နှေးကွေး လေးလံပင်ပန်းတတ်၏၊ လက်များ မြှောက်မရဘဲ လနှင့်ချီ၍ ကပ်နေတတ်၏၊ မျက်စိနှစ်လုံး မှိတ်-ဖွင့် မညီမညွတ် ဖြစ်တတ်၏၊ တဖက်သတ်ကျဉ်း၍ နေတတ်၏၊ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍ဖြစ်တတ်၏။
( ၄ ) ၀မ်းမီးအနီး၌ တည်သော လေ (သမာနလေ)၊
ထိုလေသည်ကားဝမ်းမီး၏ အဖော်သဟဲအဖြစ် ကူညီ၏။ အစာကို ကြေညက်နူးနပ်စေ၏၊ စားလိုက်သော အစာတို့ကို ကျင်ကြီးတပုံ၊ ကျင်ငယ်တပုံ၊ ရသဓာတ် တပုံ-စသည်ဖြင့် ခွဲခြားဝေဖန်ပေး၏။
ဤလေဖောက်ပြန်ခဲ့သည်ရှိသော်-၀မ်းမီးညံ့ခြင်း၊ နူးခြင်း၊ ၀မ်းပျက်၊ ၀မ်းကိုက် မကြာမကြာ ဖြစ်ခြင်း၊ လေချုပ်လေအောင့်ခြင်းတို့ကို ဖြစ်စေတတ်၏။
( ၅ ) အစာဟောင်းအိမ်၌ တည်သောလေ ( အပါနလေ)၊
ထိုလေသည် ခါး၊ ပေါင်၊ အကြော၊ အရိုး၊ အရေ ဤငါးဌာနသို့ ပျံ့နှံ့တည်နေ၏။ အစာဟောင်းအိမ်သည် အထူးသဖြင့် လေ၏ဌာနချုပ် ဟူလို။
ထိုလေသည်ကား ဣနြေ္ဒ ၁၄-ပါးဖြစ်သည့် ၁-မျက်စိ ၂-နား ၃-နှာခေါင်း ၄-လျှာ ၅-အရေ (ဉာဏိနြေ္ဒငါးပါး) ၆-ခံတွင်း ၇-လက် ၈-ခြေ ၉-၀စ္စမဂ်(စအို) ၁၀-အင်္ဂါဇာတ် (ကမ္မိနြေ္ဒငါးပါး)
၁၁-၀ိညာဏ် ၁၂-ပညာ ၁၃-မာန ၁၄-စိတ် (အတွင်းဣနြေ္ဒလေးပါး) စသည်တို့ကို တွေ့ထိမှု အာရုံယူတတ်ခြင်း သဘောဖြင့် ကျေးဇူးပြုစောင့်ရှောက်ကြကုန်၏။
ဤလေဖောက်ပြန်ခဲ့သော်ကား ခါး-ပေါင် အစရှိသော ငါးဌာနနှင့် ဣနြေ္ဒ ၁၄-ပါးတို့တွင် ရောဂါမျိုးစုံ ကျရောက်တော့မည်ဖြစ်၏။ တချို့ရောဂါများသည် အသက်ရှင်လျက်နှင့် ဘ၀သေနေရသည်အထိ ဆိုးဆိုးရွားရွား ရောဂါမျိုးလည်း ဖြစ်တတ်ပေ၏။ တချို့ စုန်းယောင်ယောင် နတ်ယောင်ယောင် ထင်ယောင်ထင်မှား ရောဂါဆန်းများလည်း ဖြစ်တတ်ချေသေး၏။
ယခုဆက်လက်၍ ဒေသနာနယ (ဗုဒ္ဓနည်းကျ) ဆေးပညာရှုထောင့်မှ သိသင့်သည့်အချက်များကို ဖော်ပြပါဦးမည်။ ဉာဏ်ယှဉ်၍ ဖတ်ရှုပါကုန်။
ဗုဒ္ဓအဘိဓမ္မာအသုံးအားဖြင့် လေကို ၀ါယောဓာတ်ဟူ၍ ခေါ်၏။ ထိုဝါယောဓာတ်သည်ကား သဘောလက္ခဏာ အားဖြင့် တပါးတည်းဖြစ်သော်လည်း တည်ရာဌာနနှင့် ပြုလုပ်ဆောင်ရွက်ပုံ အခြင်းအရာတို့ကို လိုက်၍ ၆-မျိုး ကွဲပြားခြားနားသွားတော့၏။
( ၁ ) အထက်သို့ ဆန်တက်သောလေ (ဥဒ္ဓင်္ဂမ၀ါယော) ကြို့ထိုးခြင်း၊ သမ်းဝေခြင်း၊ ချေဆတ်ခြင်းတို့ကို ဖြစ်စေ၏။
( ၂ ) အောက်သို့ စုန်သက်သောလေ (အဓောဂမ၀ါယော) ကျင်ကြီး၊ ကျင်ငယ် စွန့်ပစ်ခြင်း၊ လေသက်ခြင်းတို့ကို ဖြစ်စေ၏။
( ၃) အူပြင်ပ ၀မ်းဗိုက်ခေါင်း၌ တည်သောလေ (ကုစ္ဆိသယ၀ါယော) နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊ မောပန်းခြင်းတို့ကို ဖြစ်စေ၏။
( ၄ ) အူတလျှောက် တည်သောလေ (ကောဋ္ဌာသယ၀ါယော) လေထိုးခြင်း၊ လေအောင့်ခြင်း၊ လေပွခြင်း၊ လေကျပ်ခြင်း စသည်တို့ကို ဖြစ်စေ၏။
( ၅ ) အင်္ဂါကြီးငယ် သွားသောလေ (အင်္ဂမင်္ဂါနုသာရီဝါယော) အင်္ဂါကြီးငယ် အစွန်အဖျားသို့ ပျံ့နှံ့စေခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်းကို ပြုလုပ်စေခြင်း၊ မြှောက်ခြင်း၊ ချခြင်း၊ ထိုင်ခြင်း၊ ထခြင်းတို့ကို ဖြစ်စေ၏။
( ၆ ) ၀င်လေ ထွက်လေ (အဿာသပဿာသ၀ါယော) သက်ရှိသတ္တ၀ါအားလုံးအတွက် အရေးအကြီးဆုံး တန်ဖိုးအရှိဆုံး အသုံးအ၀င်ဆုံးနှင့် ပဓာနအကျဆုံးသည် လေဖြစ်၏။
ထိုလေသည်ကား မွေးစမှ သေသည့်တိုင် နေ့နေ့ညည ရပ်သည်မရှိ၊ အသက်နှင့်ခန္ဓာ တည်နေသမျှ အလုပ်လုပ်နေရသော လေ ဖြစ်၏။ ကျန်လေအလုံးစုံတို့ကိုကား ဤလေကသာ ပံ့ပိုးထောက်ပံ့ပေးနေရ၏။ ထိုလေသည် ဘ၀အတွက် ကျန်းမာရေးမျက်နှာစာမှာသာ အရေးပါလှသည်မဟုတ်။ ဘ၀လွတ်မြောက်ရေးအတွက် အာားထုတ်ရာတွင်လည်း အရင်းအနှီးတရပ်အဖြစ် ပါဝင်လျက်ပင်။
ထိုဝင်လေ ထွက်လေကို လျှော့တွက်မိလျှင် ခြင်္သေ့ကို ကြောင်ထင်မိသည်ထက် ဆိုးဝါးပေမည်။ မြန်မာစကားပုံ အရ-( ရေတိမ်မနစ်စေနှင့် )-ဟု သတိပေးသကဲ့သို့ ကျန်းမာရေးရှုထောင့်မှ ( လေတိမ်မနစ်ပါစေနှင့်) ဟု သတိပေးလိုပါသည်။
ရောဂါအားလုံးတို့အတွက် လေသည် မင်း-ဖြစ်၏-ဟူ၍ပင် ရှေးဆရာမြတ်တို့ မိန့်ဆိုခဲ့ကြသည် မဟုတ်ပါလော။
အစာဝ အနာကင်း ဘယာရှင်းကြပါစေ။
ဆရာ-ဦးရန်အောင်

Collapse...


သွေးကြောပေါက်ပြီး လေဖြတ်ပုံနှင့် သွေးကြောပိတ်ဆို့ပြီး လေဖြတ်ပုံ
လေဖြတ်ခြင်း
လေဖြတ်ခြင်း (Stroke) ဟာ ဦးနှောက်ကြွက်သားတွေကိုထောက်ပံ့နေတဲ့သွေးကြော ပေါက်ခြင်း (သို့ ) ပိတ်ခြင်းကြောင့်ဖြစ်ရပါတယ်။ လေဖြတ်ခြင်းရဲ့  ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။ လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ အိပ်ရာပေါ်မှာနေသွားရဖို့ များပါတယ်။ အိပ်ရာပေါ်မလှဲတောင် ပုံပျက်ပန်းပျက်နဲ့  အသက်ရှင်သွားရမှာပါ။ ဖြစ်ပြီး မကြာခင်မှာလည်း အသက်ဆုံးနိုင်ပါတယ်။ ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ဖို့  အောက်ပါရိုးရှင်းတဲ့  အချက်ကလေးတွေကို မှတ်ထားစေချင်ပါတယ်။
လူတိုင်းသိသင့်
ဦးနှောက်နဲ့ အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို့  သိသိရခြင်း ၃ နာရီအတွင်းလူနာဟာ ဆရာဝန်နဲ့ တွေ့ ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို့  ပြောပါတယ်။ ဆရာဝန် တစ်ယောက်သာဆို ဒီလိုဘာဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်တာကို လေဖြတ်တာလို့ ချက်ချင်းသိနိုင်လို့  ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါတယ်။ ပြီးတော့ အနည်းဆုံး ၃ နာရီအတွင်းမှာ လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် လူနာဟာ ဝေဒနာမျိုးစုံ ခံစားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အနားမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် အားလုံးအတွက်ရော၊ ကိုယ့်အတွက်ပါ လူတိုင်းသိသင့်တဲ့ လေဖြတ်ခြင်း ဟုတ်မဟုတ် ခွဲနိုင်တဲ့  အချက်လွယ်လွယ်လေးတွေကို ဆရာဝန်ကြီးက ပြောပြပေးခဲ့ ပါတယ်။
လေဖြတ်ခြင်းရဲ့  ရုတ်တရက်လက္ခဏာများ
Stroke လို့ ခေါ်တဲ့  လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော တစ်ခုခုပေါက်လို့ ၊ ဒါမှမဟုတ် ပိတ်သွားလို့  ဦးနှောက်တစ်နေရာမှာ သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ့  အတွက် ခန္ဓာကိုယ် ထိခိုက်သွားတာ ဖြစ်ပါတယ်။ ဦးနှောက်မှာဖြစ်တဲ့ နေရာတွေက တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။ ကံဆိုးချင်လို့ ဘေးလူတွေက မသိ နားမလည်ရင်တော့ လူနာသည် ချက်ချင်းသေနိုင်ပါသည်။
ဒီတော့လေဖြတ်တာရဲ့  လက္ခဏာတွေ၊ လုပ်ရမှာတွေကို အင်္ဂလိပ်လို အတိုကောက်မှတ်ချင်ရင် သူ့ ရောဂါရဲ့ နာမည်အတိုင်း STROKE လို့ မှတ်နိုင်ပါတယ်။ မြန်မာလိုသိထားလဲ တူတူပါပဲ။ အရင်ဆုံး လူနာကို S,T,R ဆိုပြီး ၃ခုခိုင်းကြည့်ပါ။
(S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ ရွဲ့နေ၊ စောင်းနေလားကြည့်ပါ။)
(T=Talk) စကားပြောခိုင်းပါ။
(R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။
ဒါတွေအကုန် ချောချောမွေ့ မွေ့ လုပ်နိုင်တယ်ဆိုရင်တော့ STR ပြီးလို့  သေချာသွားပြီး။ တစ်ခုခုကို မလုပ်နိုင်ခဲ့ ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်။ နောက်ထပ် လက္ခဏာတစ်ခုကိုလဲ ထပ်ကြည့်နိုင်ပါသေးတယ်။ လူနာကို လျှာထုတ်ခိုင်းပါ။ လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။ ဒါဆိုရင်တော့ လူနာဟာ အရမ်းစိုးရိမ်ရလို့  အမြန်ဆုံး ဆေးကုသမှုခံယူရအောင် လုပ်ပေးပါ။ ဒီတော့ ဒီဆောင်းပါးမှာပါတဲ့ အချက်တွေကို သင်ကိုယ်တိုင်လဲ မှတ်သား၊ လက်လှမ်းမီသမျှလဲ ပြောပြမယ်ဆိုရင် သင်အပါအ၀င် ဒီအချက်တွေသင်သိရင် အသက်ပေါင်းများစွာရဲ့ အသက်တွေကို ကယ်နိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Collapse...


Bed Sore ဆိုတဲ့ အိပ်ယာနာဟာ ၀ဋ်နာကံနာမဟုတ်ဘဲ အိပ်ယာထဲမှာ အနေများပြီး ကြည့်ရှုသူရဲ့ အားနည်းချက်ကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် လေဖြတ်ခြင်းဝေဒနာကို ခံစားရတဲ့လူများဟာ ဒီ Bed Sore ဆိုတဲ့အနာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ယခုခေတ် လူအတော်များများဟာ မိမိရဲ့မိသားစု စားဝတ်နေရေး ပြေလည်ဖို့ ရုန်းကန်လှုပ်ရှားနေကြရတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်လို့ လေ့လာရန် အချိန်မပေးနိုင်ခဲ့သောကြောင့် ဖြစ်လာမှသာလျှင် ငွေကုန်ခံကာ ကုသကြရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Bed Sore လို့ခေါ်တဲ့ အိပ်ယာနာမဖြစ်အောင် ကာကွယ်ရန် နည်းလမ်းများကို ဖေါ်ပြလိုပါတယ်။
ဆေးရုံတစ်ရုံမှာပဲ ဆရာဝန်၊ သူနာပြုဆရာ/ဆရာမများဟာ အချို့သော လုပ်ငန်းများကို ကိုယ်တိုင်မလုပ်အားသောကြောင့် လူနာရှင်များအား ညွန်ပြပေးခဲ့ကြပါတယ်။ ထိုအခါ လူနာရှင်များသည် နားမလည်၍တစ်ကြောင်း ဖြစ်လာမည့် ဆိုးကျိုးကိုမသိ၍တစ်ကြောင်း စသောအကြောင်းများကြောင့် သူနာပြုဆရာမ၏စကားကို နားမထောင်ဘဲ နေမိသောကြောင့် လူနာ၌ မဖြစ်သင့်သော အဖြစ်အပျက်များနှင့် ကြုံတွေ့ကြရပြီး သေဆုံးမည့်နေ့ကို စောင့်နေကြရပေသည်။

ထို့ကြောင့် Bed Sore ဆိုတဲ့ အနာကြီးမဖြစ်စေရန် လူနာကိုကြည့်ရှုသူ လူနာရှင်များသည် ဂရုစိုက်၍ ကြည့်ရှုကြရပေမည်။ ရှေးဦးစွာ Bed Sore ဖြစ်တတ်သော နေရာများကို သိထားရန်လိုအပ်ပေသည်။ လူနာသည် ပက်လက်အိပ်၍နေလျှင် လူနာ၏နောက်စေ့၊ ကျောရိုးတစ်လျှောက်၊ လက်ပြင်နှင့် မီးညှောင့်ရိုးများတွင် Bed Sore ဖြစ်တတ်ပေသည်။ အကယ်၍ လူနာသည်စောင်း၍အိပ်လျှင် လူနာ၏နားရွက်၊ ပုခုံးစောင်း၊ တင်ပါးစောင်းနှင့် ခြေမျက်စိတို့တွင် Bed Sore အနာများဖြစ်တတ်သည်။ ထို့ကြောင့် အနာများမဖြစ်ရလေအောင် လူနာကို မကြာခဏကြည့်ပေးရပါသည်။
ထိုအနာမဖြစ်ရလေအောင် လူနာ၏ ခန္ဓာကိုယ်ကို မကြာခဏ အနေအထားပြောင်းပေးရပါမည်။ တတ်နိုင်လျှင် (၂)နာရီတစ်ခါ ပြောင်းပေးရပါမည်။ လူနာ၏အနေအထား ပြောင်းပေးတိုင်း Bed Sore အနာဖြစ်တတ်သောနေရာများကို ကြည့်ပေးခြင်း၊ ရေပတ်တိုက်ပေးခြင်း၊ ပေါင်တာမှုန့်လိမ်းပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် Bed Sore အိပ်ယာနာမဖြစ်ရလေအောင် ကာကွယ်နိုင်ပေသည်။
အချို့သော လူနာများသည် မိမိခံစားရသောဝေဒနာဖြင့် မသေဆုံးရဘဲ ထို Bed Sore ဆိုသော အိပ်ယာနာဖြစ်ပြီး ကြည့်ရှုသူ၏ ညံ့ဖျင်းမှုကြောင့် အနာတွင်းပြည်တည်ခြင်း၊ လောက်တွယ်ခြင်းများဖြစ်ကာ ထိုအနာကြောင့် အသက်ဆုံးကြရလေသည်။ ထို့ကြောင့် စာဖတ်သူတိုင်း မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိသားစုတွင်သော်လည်းကောင်း ထိုကြောက်စရာကောင်းသော Bed Sore အိပ်ယာနာမဖြစ်ရအောင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ကြစေရန် ရည်ရွယ်လျက် ရေးသားလိုက်ပါသည်။

Collapse...
အရက်နှင့်ပတ်သက်သောအဆိုအမိန့်များ
*အရက်သည် လူ၏ဦးနှောက်ကို ခိုးယူစေခြင်းငှာ ပါးစပ်တွင်ထည့်သွင်းသော အဆိပ်ဖြစ်သည်။ (Shakespear)
*မီးတောက်အရက်သည် ကပ်ရောဂါစစ်ပွဲနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့ထက်သာ၍ ဖျက်ဆီးစေတတ်သည်။ (Gladstone )
*အရက်သည် ဖျော်ရည်အသွင်ဖြင့် တည်ရှိနေသောနတ်ဆိုးဖြစ်သည်။ (Wilfred)
*အရက်သည် လူ့အဖွဲ့အစည်းတွင် ကင်ဆာရောဂါဖြစ်သည်။ အသက်အရင်းအမြစ်ကိုကိုက်စားလျှက် ပျက်စီးရန်အတွက် ခြိမ်းခြောက်လျှက်နေ၏။ (Abraham Lincoln)
*အရက်သည် ပေါင်းတင်ထုတ်လုပ်သော ထာဝရပြစ်ဒဏ်ရည်ဖြစ်သည်။ (Robert Hall)
*အရက်သည် ခေတ်အဆက်ဆက်၊ နိုင်ငံအသီးသီးမှ လူရမ်းကားတို့အတွက် တီထွင်ထုတ်လုပ်သော အကြီးဆုံးရာဇ၀တ်လက်နက်ဖြစ်သည်။ (Ruskin)
*လူ့သမိုင်းတစ်လျှောက်ဖြစ်ခဲ့သော စစ်ပွဲများကြောင့် သေကြေပျက်စီးသူအားလုံးပေါင်းထက် အရက်သည် သာ၍လူတို့ကို ဖျက်ဆီးခဲ့သည်။ (General Pershing)
*အရက်သည် လူ့အသက်ကိုသတ်သော ပညာရှင်ဖြစ်သည်။ (Lord Chesterfield)
*ကျွန်ုပ်ဘ၀အတွေ့အကြုံအရ အရက်သောက်ခြင်းကို ရှောင်ခြင်းသည် စာရိတ္တနှင့် ကျန်းမာရေးအတွက် အကောင်းဆုံးအကာအကွယ်ဖြစ်သည်။ (General E.Robert)
*အရက်သောက်သူသည် မိမိကိုယ်ကို အရည်အချင်းပြည့်ဝသူအဖြစ်မှ ပယ်ချသူဖြစ်သည်။ (President Taft)

Collapse...
ယနေ့ လူအများစိတ်ဝင်စားပြီး တွင်တွင်ကျယ်ကျယ် ခေတ်စားနေသောရောဂါမှာ အသည်းရောင်းအသားဝါ ဘီရောဂါပင်ဖြစ်ပါသည်။ နိုင်ငံခြားတွင် အလုပ်သွားလုပ်မည့်သူများ ဘီပိုးတွေ့လျှင်ပယ်သည်။ ရာထူးတိုးဖို့ သင်တန်းတွေမှာ ဘီပိုးတွေ့လျှင် လက်မခံပါ။ ဟိုတယ်တွေမှာ အလုပ်လျှောက်လျှင်လည်း ဘီပိုးတွေ့လျှင် ပယ်ပါသည်။ အသည်းရောင် အသားဝါပိုး A, B, C,D, E, F အများကြီးရှိတဲ့အထဲက ဒီဘီပိုးကိုမှ ဘာကြောင့် ကြောက်လန့်ပြီး အရေးယူစစ်ဆေးနေရတာလဲ။ အကြောင်းကတော့ အသည်းရောင် အသားဝါဘီပိုးဟာ ကူးစက်မှုအလွယ်ဆုံးနဲ့ အသည်းရောဂါအဖြစ်အများဆုံး ရောဂါပိုးဖြစ်နေလို့ပါပဲ။
ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ အသည်းရောင်းအသားဝါ ဘီပိုးကူးစက်ခံထားရပြီး နှစ်စဉ်ရောဂါဖြစ်တဲ့သူ သန်း (၅၀) တိုးပွားနေပါတယ်။ နာတာရှည် အသည်းရောင်အသားဝါ ဖြစ်တဲ့လူက သန်း (၃၅၀) ခန့်ရှိပြီး အဲဒီအထဲက (၂ၟ၅) သန်းစာ နောက်ဆက်တွဲ အသည်းခြောက်အသည်းကင်ဆာနဲ့ သေဆုံးနေကြပါတယ်။
ရောဂါကူးစက်ပုံ
အသည်းရောင်အသားဝါဘီပိုး ကူးစက်ပုံများကတော့ သွေးသွင်းခြင်း၊ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်တစ်ချောင်းထဲကို စုပေါင်းသုံးခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ နားဖေါက်ခြင်း၊ အဖျားတိုင်း ပြဒါးတိုင်ကို စုပေါင်းသုံးခြင်း၊ သောက်ရေခွက်ကို စုပေါင်းသုံးခြင်း၊ ဟင်းချိုခွက် ဇွန်းတစ်ချောင်းကို စုပေါင်းသောက်သုံးခြင်း၊ သွားတိုက်တံ၊ မျက်နှာသုတ်ပုဝါ၊ လက်သုတ်ပုဝါများ စုပေါင်းသုံးခြင်းနှင့် မိသားစု စုပေါင်းနေထိုင်စားသောက်ခြင်းမှ ကူးစက်နိုင်ပါသည်။
ဘီပိုးကူးစက်ခံရပြီဆိုရင် ဘာလုပ်မလဲ
ပထမအကြိမ် သွေးစစ်ကြည့်လို့ ပိုးတွေ့ရုံနဲ့ မစိုးရိမ်ပါနဲ့။ နောက် (၆) လကြာရင် ပြန်စစ်ကြည့်ပါ။ လူကြီးတစ်ယောက်ကို ပိုးဝင်ပြီးသော်လည်း (၈၀) ရာခိုင်နှုန်းဟာ သူ့အလိုအလျောက် ပိုးပြန်ထွက်သွားတတ်ပါတယ်။ (၂၀) ရာခိုင်နှုန်းသာ နာတာရှည် ဘီပိုးကူးစက်ခံရပါတယ်။ မွေးကင်းစ ကလေးသူငယ်တွေ ကူးးစက်ခံရပြီဆိုရင်တော့ သူတို့မှာ ကိုယ်ခံအား လုံးဝမရှိတဲ့အတွက် ပိုးကပြန်မထွက်တော့ဘဲ နာတာရှည်ပိုးသယ်ဆောင်သူ ဖြစ်သွားပါတော့တယ်။
ဒါကြောင့် ကလေးသူငယ်များကို ကာကွယ်ဆေး မဖြစ်မနေထိုးပေးဖို့ လိုအပ်ပါတယ်။ အီတလီနဲ့ပြင်သစ်မှာဆိုရင် ဘီပိုးကာကွယ်ဆေး မထိုးထားရင် ကျောင်းအပ်တာ လက်မခံပါဘူး။ ဘီပိုးကူးစက်ခံရတာ သေချာပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြပြီး ကျန်းမာရေးကို (၆) လတစ်ကြိမ်၊ (၁) နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးပြီး ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး နေထိုင်သွားရင် ဘာမှစိုးရိမ်ကြောက်လန့်စရာ မလိုပါဘူး။ ဘီပိုးရှိသူရဲ့ (၈၅) ရာခိုင်နှုန်းဟာ သာမန်လူကောင်းလို သက်တမ်းစေ့ နေထိုင်သွားရသူများသာ ဖြစ်ပါတယ်။
ဘီပိုးရှိရင် ဘာတွေရှောင်ရမလဲ
အဓိက ရှောင်ရမှာတွေကတော့ အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ ဖြစ်ပါတယ်။ အရက်ဟာ အသည်းကိုတိုက်ရိုက် ထိခိုက်ပျက်စီးစေပြီး ဆေးလိပ်ကတော့ ကင်ဆာဖြစ်စေတဲ့ ဆေးရွက်ကြီးပါဝင်လို့ပါပဲ။ ကွမ်းယာထဲမှာလည်း အဲဒီဆေးရွက်ကြီးက ပါပြန်ပါတယ်။ ကွမ်းသီးကိုတော့ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအဖွဲ့ကြီး (IARC) က ကင်ဆာဖြစ်စေတဲ့ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ နောက်ထပ် ရှောင်ရမှာတွေကတော့ အဆီအဆိမ့်၊ အချိုအငန်၊အပူအစပ်၊ မှိုတက်နေတဲ့ အစားအဆာများ အရောင်ဆိုးဆေးပါတဲ့ အစားအဆာများ၊ သံဓာတ်များတဲ့ သွေးခဲ၊ အသည်းအမြစ် ကလီစာများ၊ သံဓာတ်များတဲ့ အားဆေးများ၊ သံပုရာရည်၊ ရှောက်ချဉ်ရေများ၊ နွယ်ချို၊ အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေးတို့ ဖြစ်ပါတယ်။
လူဖြစ်ရတဲ့ ဒုက္ခ
အသီးတွေစားမယ်ဆိုရင် မြန်မြန်မှည့်အောင်၊ အရောင်လှအောင် ဆေးထိုးပြီးသား။ ဟင်းသီးဟင်းရွက်တွေကြတော့ ပိုးသတ်ဆေးဖျန်းထားတာတွေ။ အသားတွေက ဟော်မုန်းတွေ ကျွေးထားပြီးသား။ ဆယ်လမွန်ငါးက ဟိုတုံးက နှလုံးအတွက် ကောင်းတယ်ပြောပြီး အခုကျတော့ တစ်ပတ်ကို (၂) ရက်ထက်ပိုမစားဖို့ တားမြစ်ထားတယ်။ မွေးမြူရေးငါးတွေကြတော့ သူတို့ကို ကျွေးတဲ့အစာထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ( Toxic Substance) ပါတယ်။ မြစ်ထဲကငါး စားမယ်ဆိုပြန်တော့ မြစ်ရေက မသန့်ပြန်ဘူး ဘာမှမစားဘဲ ရေပဲသောက်မယ်ဆိုတော့ ရေက မသန့်ပြန်ဘူး။ လေပဲရှုမယ်လုပ်တော့လည်း လေကမသန့်ပြန်ဘူး။ အဲဒီတော့ ကိုယ့်ဘာသာ တတ်နိုင်သလောက် ဆင်ခြင်ပြီး ရှောင်ကြဉ်နေထိုင်ဖို့ လိုပါတယ်။
လူတစ်ယောက် အသက်ရှင်နေထိုင်ဖို့အတွက် ဆေးဝါးကုသမှုဟာ (၁၀) ရာခိုင်နှုန်းပဲ လုပ်ပေးနိုင်ပါတယ်။ ကျန်တဲ့ (၉၀) ရာခိုင်းနှုန်းက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုနဲ့ ဆိုင်ပါတယ်။ (Hein Richheine) က ''အိပ်ခြင်းသည် ကောင်း၏၊ သေဆုံးခြင်းသည် ပို၍ကောင်းသည်။ ထို့ထက် အကောင်းဆုံးမှာ လုံးဝမမွေးဖွားလာခြင်း'' ဖြစ်သည် ဟုဆိုပါသည်။ မွေးလာသည့်အတွက် သေရမည်။ သို့သော် မမျှော်လင့်သည့် အချိန်မျိုးမှာ ရောဂါတစ်ခု ဖြစ်လာလျှင် ငွေကြေးကုန်ကျမှုအတွက် ပူပန်ရခြင်း၊ မိသားစုဆွေမျိုးများ ၀န်ထုပ်ပိခြင်းနှင့် စိတ်ဒုက္ခများကို ခါးသီးစွာ ခံကြရပါမည်။ သွေးစစ်ပြီး ပိုးမရှိလို့ ကာကွယ်ဆေးထိုးလျှင် (ဆေးသုတေသနတွင်) သွေးစစ်တာနှင့်ဆေး (၄) ကြိမ်အပြီးထိုးတာ အနည်းငယ်မျှသာ ကုန်ကျပါမည်။ ရောဂါကူးစက်ခံရပြီး ရောဂါဖြစ်လို့ ပိုးသေဆေးထိုးမည်ဆိုလျှင် ယနေ့အချိန်တွင် သိန်းဂဏန်းနှင့် ကုန်ကျပါမည်။ ဘီပိုးသည် အချိန်မရွေး အန္တရာယ်ပေးနိုင်သည့်ပိုး ဖြစ်သည့်အတွက် သတိနှင့် ဆင်ခြင်နေထိုင်ရန်သာ တိုက်တွန်းလိုက်ပါသည်။

Collapse...