Showing posts with label ကရင့်ဖားစည်. Show all posts
Showing posts with label ကရင့်ဖားစည်. Show all posts

ကရင်နှင့်ဖားစည်


ကရင်မျိုးနွယ်စုတိုင်း ဖားစည်ကို အမြတ်တနိုး တန်ဖိုးထားကြပါသည်။ သို့သော် ဖားစည်၏သမိုင်းကြောင်းရပ်များ၊ အယူအဆနှင့် အသုံးပြုပုံ၊ အလေ့အထများကား မတူညီကြပါ။

ကျွန်တော်သည် ရှစ်ဆယ်ကျော် သက်ရှိသူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ဖားစည်သံတညံညံမြည်ဟီးသည့် တောင်ငူဒေသမှဖြစ်ပါသည်။ ၁၉၂၀ ခုနှစ်နောက်ပိုင်းနှင့် ၁၉၃၀ ခုနှစ်အလယ်ထိ လူမှန်းသူမှန်းသိလာသည့်အချိန်တွင် တောင်ငူတ၀ိုက် တာဝါကရင်များ စုရုံးနေထိုင်သည့်ရပ်ကွက်၊ ရပ်ရွာများမှာ မြို့ကြီး၊ လောကုတ္တရာ၊ အစ္စတု၊ ကသဲစု၊ အင်းဝိုင်း၊ သာယာကုန်းနှင့် မိုးကောင်းကင်တို့ဖြစ်ကြပါသည်။ ၎င်းရွာနှင့် ရပ်ကွက်များတွင် အိမ်ကြီးအိမ်ကောင်းတိုင်းလိုလို ဖားစည်အနည်းဆုံးတစ်လုံးစီ ရှိခဲ့ကြသည်။ အချို့သော သစ်ခေါင်းဆင်ပိုင်အိမ်များတွင် ဖားစည်များကို ဆင်စွယ်နှစ်ချောင်းကြား ထားကြသည်။ တစ်လုံးထက်မကထားသောအိမ်များလည်း ရှိကြသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသော ကျွန်တော်မှာ ဖားစည်နှင့်ကရင် ခွဲခြား၍မရ၊ ဒွန်တွဲလျက်ရှိသည်ကို မသိစိတ်ထဲစွဲမြဲလာရခြင်းမှာ မဆန်းတော့ပါ။ ဖားစည်ကို မည်သို့မည်ပုံ အသုံးပြုခြင်းကိုကား မသိရှိ နားမလည်သေးပါ။

၁၉၃၄-၃၅ ခုနှစ်လောက်တွင် ပဒေါင်အမျိုးသား၊ အမျိုးသမီးနှစ်ဦးသည် အိမ်သို့ရောက်ရှိလာခဲ့ပါသည်။ လူကြီးမိဘများ ပြောဆိုချက်အရ ၎င်းတို့မှာ ဘိလပ်(အင်္ဂလန်) သို့သွားရောက်ပြီး ပဒေါင်(ကယန်း) လည်ပင်းရှည်အမျိုးသမီးကို ဆက်ကပ်(Circus) ပွဲတွင် လူထူးလူဆန်းအဖြစ် သွားရောက်ပြသရန်ဖြစ်သည်။ ကျွန်တော်၏အဘ ဦးဖဲအား လာရောက်၍ဂါရ၀ပြုကြခြင်း ဖြစ်ပါသည်။ ၎င်းပဒေါင်ဇနီးမောင်နှံနှစ်ဦးက ရိုးရာအကများပြသကြရာတွင် ကျွန်တို့အိမ်တွင် ထားရှိသောဖားစည်ကြီးကို ပဒေါင်အမျိုးသားကတီးပြ သီချင်းစုံတွဲ ဆိုခဲ့ကြသည်။ ၎င်းသံစဉ်အလိုက် အမျိုးသမီးက ဟန်ချက်ညီညီ ခြေလှမ်းဖြင့် ဖားစည်ကိုလှည့်ကာ ရိုးရိုးလေး ကပြသီဆိုသွားခဲ့ကြပါသည်။ ဖားစည်ကိုတီးရသော အမျိုးသားမှာ တစ်ဖက်က ဖားစည်၏မျက်နှာပြင်ကို လက်ယာလက်တွင် ကိုင်ဆောင်ထားသည့် တီးခတ်ရန်ပြုပြင်ထားသော လက်ကိုင်တံဖြင့်တီးပြီး လက်ဝဲလက်မှ ၀ါးခြမ်းစနှစ်ချောင်းကို ဖားစည်၏ကိုယ်ထည်ပေါ်တွင် စည်းချက်ညီညီရိုက်ခတ်ပေး၍ ပါးစပ်မှလည်းရိုးရာတေးကို သီဆိုကြပါသည်။ ဤပထမဦးဆုံး အဆို၊ အက၊ အတီးတွင် ဖားစည်အားအသုံးပြုသည့်ပုံကို တွေ့ရှိခဲ့ရ၍ တစ်သက်လုံးမမေ့နိုင်ခဲ့ပါ။ နောက်နှစ်နှစ်အကြာတွင် ထိုသူနှစ်ဦးရောက်လာပြန်ပြီး အဖန်တလဲလဲ အဘဦးဖဲကို ဂါရ၀ပြုကြပြန်သည်။ နောက်ကြားသိရသည်မှာ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ဌာနေကို ပြန်ရောက်ကြသောအခါ လက်ထပ်ထိမ်းမြားကြပြီး အိုးအိမ်တည်ထောင်ကြလေသည်။

နောက်တစ်ကြိမ် ဖားစည်များကို ပျော်မြူးစွာတီးခတ်သံကြားရပြီး တွေ့မြင်ရသည်မှာ တောင်ငူမြို့တွင်ကျင်းပသော ပထမအကြိမ် ကရင်နှစ်သစ်ကူးပွဲတော်ပင်ဖြစ်ပါသည်။ ဖားစည်ရှိသည့် အိမ်တိုင်းနှင့် ဗဟိုခန်းမပြုလုပ်ထားသည့် ပကူးကျောင်းတွင် ဖားစည်များတီးခတ်သံကို တညံညံကြားခဲ့ရပါသည်။ အလွန်တရာမှ ကြည်နူးဖွယ်ရာဖြစ်ပါသည်။ နောက် ၁၉၃၉ ခုနှစ် နွေဦးပိုင်းတွင် သံတောင်ကြီး၊ လိပ်သို၊ ကရင်ချောင်းသို့ ခြေလျင်ခရီးထွက်ရာ တောင်ပေါ်ကျေးရွာများမှ ညနေချမ်းအချိန်တွင် မြည်ဟီးလာသော ဖားစည်သံများကို ကြားရပြန်သည်။ အေးချမ်းသာယာမှု၊ ပျော်ရွှင်မှုကိုဖော်ဆောင်သော လက္ခဏာများသာဖြစ်ပါသည်။ မင်္ဂလာဆောင်သည့်အခါ အလှူပွဲလုပ်သည့်အခါ၊ စပါးရိတ်သိမ်းပြီး ကျေးရွာစပါးကျီသို့ ပို့ဆောင်ပြီးသောအခါ၊ သစ်ခေါင်းများ သစ်လုပ်ငန်းပြီးစီး၍ ချောချောမောမော အောင်အောင်မြင်မြင် အိမ်သို့ပြန်ရောက်ကြသည့်အခါများတွင် ပွဲခံကြခြင်းဖြစ်ပါသည်။

၁၉၄၂-၄၅ ခုနှစ် စစ်တွင်းကာလများတွင်ကား ဖားစည်သံ တိတ်ဆိတ်သွားပြန်သည်။ ကျေးရွာများတွင် ဖားစည်များဖုန်တက်၍ ဆိတ်ငြိမ်သွားခဲ့ရပါသည်။ တစ်ဖန် ၁၉၄၅ ခုနှစ်ကုန်ပိုင်းလောက်တွင် စစ်ကြီးပြီးဆုံးပြီး ဖက်ဆစ်ဝါဒီများ ကျဆုံးသည်နှင့်တစ်ပြိုင်တည်း ဖားစည်သံများ ပေါ်ထွက်လာပြန်ခဲ့သည်။ လွတ်လပ်ရေးရရှိသည့်အချိန်ထိ ဖားစည်များ အသံမြိုင်ဆိုင်မြူးကြ္ဂွ္ဂ္ဂ၍ နေခဲ့ကြသည်။ ၎င်းနောက် နိုင်ငံရေးမရေရာ၊မတည်ငြိမ်သည့်ကာလ ဖြစ်ပေါ်လာ၍ ဖားစည်သံများမှေးမှိန် ပျောက်ကွယ်သွားရပြန်သည်။ အဆိတ်သုဉ်းဆုံးကာလမှာ ပြည်တွင်းစစ်နှင့်ကရင်အရေး ပုံစံအမျိုးမျိုးဖြင့် ပြည်တောင်စုကြီးကို အကြီးကျယ်ဆုံး အန္တရာယ်ပြုလှုပ်ရှားနေသည့်အချိန် ဖြစ်ပါသည်။

သာဓကမှာ အောက်ကျင်းကရင်ကျေးရွာများမှ ဖားစည်သံမပေါ်ထွက်လာတော့ခြင်းပင်ဖြစ်သည်။ ဖာပွန်နယ် သံလွင်ကမ်းနား၌ တည်ရှိသော ကျောက်ညှပ်ဘုန်းကြီးကျောင်းပျက်တွင် ၁၉၅၀ ခုနှစ်က ဖားစည်တစ်လုံးသည် ကျောင်းပရ၀ုဏ်အတွင်း စင်ပေါ်၌ အမိုးမကာမရှိ သဘာဝဘေးဒဏ်ကို ဤအတိုင်း ငုတ်တုပ်ရင်ဆိုင်ကာရှိနေခဲ့သည်။ တောင်ရိုးတစ်လျှောက် ရှမ်းပြည်တောင်ပိုင်း ကရင်နယ်၊ ပဒေါင်နယ် (ကယား၊ ကယန်း) မှစ၍ ကြာအင်းဆိပ်ကြီး၊ တောင်ဘက်တနင်္သာရီထိ ဖားစည်သံများ တိတ်ဆိတ်ခဲ့ပြန်ပါသည်။

ပို၍ဆိုးသည်မှာ နောက်တဖြည်းဖြည်း ကရင်ဖားစည်များသည် တစ်ဖက်ကမ်းသို့ဈေးကောင်းရ၍ တိုင်းတစ်ပါးလက်သို့ ရောက်ရှိသွားကြပြီး အိမ်သုံးအလှပစ္စည်းများသဖွယ်နှင့် အရက်ခွက်၊ စီးကရက်၊ ဆေးလိပ်တင်စရာစားပွဲများပမာ အသုံးပြုခံဘ၀သို့ ရောက်ရှိသွားကြရသည်။ ၁၉၇၀-၈၀ ခုနှစ်တွင် လူသူအရောက်နည်းပါးသော ရိုးရာနတ်စားကရင်များနှင့် ပရက် (ကယော) တို့ဌာန၌ကျန်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းရိုးရာနတ်စားတို့မှာ ဖားစည်ကို ရိုးရာဝါးပတ္တလားနှင့်ယှဉ်တီးပြီး ပရက် (ကယော) တို့မှာတော့ ခုနှစ်လုံးမျှသော ဖားစည်များကိုယှဉ်ပြီး ကြီးစဉ်ငယ်လိုက်သံစဉ်အတိုင်း တေးဖြစ်အောင်တီးခတ်သီဆိုကြပါသည်။

ကရင်နှင့်ဖားစည်မှာ ဖွားဖက်တော်ဖြစ်ပြီး ငြိမ်းချမ်းသာယာသည့်အသွင်ကို အမြဲဆောင်သည့်အရာဝတ္ထုဖြစ်သည့်အလျှောက် ဖားစည်သံတညံညံဖြင့် မြည်ဟီးနေသည့် ငြိမ်းချမ်းသာယာ၍ စည်းလုံးညီညွတ်ပြီး တိုးတက်ခိုင်မြဲသည့် ကရင်နှစ်သစ်ကူးမှ ဖားစည်သံများနှင့် ကြိုဆိုကြပါစို့။ (စအိုင်ဆူး)

more.gif

ဖားစည်ပေါ်ကဖား


ဖားစည်ကို လေ့လာမည်ဆိုပါက အဓိကသင်္ကေတ (၃) မျိုးတွေ့ရမည် ဖြစ်ပေသည်။ ထိုအဓိကသင်္ကေတမှာ ဖား၊ နေ၀န်းနှင့် ဆင်တို့ဖြစ်သည်။ အချို့ဖားစည်တွင် ဖားလေးကောင်သည် ဖားစည်မျက်နှာပြင်ပေါ်တွင် လက်ဝဲရစ်တစ်ကောင်နောက် တစ်ကောင်လိုက်သကဲ့သို့ ထိုဖားလေးကောင်ပေါ်တွင် တစ်ကောင်ကျစီကျောပိုး (ဖားနှစ်ထပ်)၊ နှစ်ကောင်ကျစီကျောပိုး (ဖားသုံးထပ်) တို့ကိုလည်း တွေ့နိုင်လေသည်။ အဓိပ္ပာယ်အသီးသီးလည်း ရှိလေသည်။ သို့သော် ယနေ့ကရင်လူယ်များသည် ထိုအဓိပ္ပာယ်ကို နားမလည်သူ၊ မသိသူများ အများအပြား ရှိရုံသာမက ဖားစည်ပေါ်ကဖားသည် မည်သည့်ဖားဖြစ်သည်ကို မသိသူများရှိလေသည်။

ဖားစည်ပေါ်ကဖားသည် ဖားပြုပ်ဖြစ်ကြောင်း ဖော်ပြချင်သည်။ ထိုနည်းတူ ဖားပြုပ်၏ ၀ိသေသလက္ခဏာထူးများကို ဗဟုသုတအနေဖြင့် ဖော်ပြအပ်ပါသည်။ ကမ္ဘာပေါ်တွင် ဖားမျိုးစိတ်ပေါင်း (၁၇၀၀) ကျော်ရှိလေသည်။ ထိုမျိုးစိတ်များထဲတွင် ဖားပြုပ်သည် မျိုးစိတ်တစ်စိတ် ဖြစ်လေသည်။ ထိုဖားပြုပ်မျိုးစိတ်ကို ထပ်မံခွဲခြားလျှင် မျိုးစိတ်ပေါင်း (၁၅၀) ကျော်လေသည်။ ဇီဝအမည်မှာ (Bufonide) ဖြစ်ပြီး အညိုရောင်၊ အနက်ရောင်၊ အနီရောင်၊ အ၀ါရောင်၊ အစိမ်းရောင် ဖားပြုပ်များအဖြစ် အရောင်အမျိုးမျိုး တွေ့မြင်နိုင်သည်။ လှုပ်ရှားမှုနှေးကွေးကာ လျင်မြန်မှုမရှိပေ။ ပူလောင်မှုမရှိဘဲ အေးဆေးစွာနေတတ်သည်။

ရှေ့လက်သည် နောက်ထက်တို၍ ခြေထောက်သည် ကိုယ်ခန္ဓာထက် အနည်းငယ်ရှည်လေသည်။ သွားများမရှိပေ။ ဖားပြုပ်အထီးသည် အမထက်အနည်းငယ်သေးလေသည်။ ပုံသဏ္ဌာန်အားဖြင့် ကြမ်းတမ်းရုပ်ဆိုး၍ အရေပြားသည် အဖုအထစ်များရှိလေသည်။ အထူးသဖြင့် မျက်စိနောက်၌ အဖုကြီးများရှိသည်။ ထိုအဖုကြီးများတွင် ပေါများသော အဆိပ်ဂလင်း ရှိသည်သာမက ထိုအရေပြားမှ ဆိုးရွားသော အဖြူရောင်အရည်တစ်မျိုးကို ထုတ်တတ်ကြသည်။ ထိုသို့ထုတ်လွှတ်ရာတွင် အချို့သောတိရစ္ဆာန်အဖို့ မည်ကဲ့သို့မျှမဖြစ်။ သို့သော် အချို့တိရစ္ဆာန်ကိုမှု သေစေသည်။ အချို့ဖားပြုပ်များသည်။ အဆိပ်ပြင်းပြီး ခွေးများကိုပင် သေစေသည်။ အရွယ်အစားမှာ သာမန်အားဖြင့် (၂) မှ (၂၅) စင်တီ (၁ မှ ၁၀ လက်မ) အထိရှိပြီး လျှာမှာမှု (၁) လက်မ (၂.၅)စင်တီ) ရှည်၍ ပိုးကောင်များကို လျင်မြန်စွာ ဖမ်းစားနိုင်လေသည်။ အာရုံခံကောင်းပြီး ထိုအာရုံကို ထိန်းထားနိုင်စွမ်းရှိလေသည်။

ရေမှာရောကုန်းမှာပါနေသော ကျောရိုးရှိသွေးအေးသတ္တ၀ါမျိုးဖြစ်၍ ရေကန်ငယ်၊ စမ်းချောင်း၊ လယ်ကွင်း၊ မြစ်ချောင်းဘေးရှိ ချုံကြား၊ ပုရွက်ဆိတ်သိုက်တို့တွင် တွေ့မြင်နိုင်သည်သာမက တွင်းအောင်းနေသော ဖားပြုပ်များလည်း ရှိလေသည်။ အရေပြားလဲလှယ်သော ဓလေ့ရှိပြီး လဲလှယ်ပြီးသောအရေပြား ပြန်စားလေ့ရှိသည်။

မိမိအရေပြားကိုဖောက်ပြီး ရေကိုစုပ်ယူ၍ ကိုယ်ခန္ဓာကိုကြီးအောင် ပြုလုပ်နိုင်သကဲ့သို့ ငယ်အောင်လည်းပြုလုပ်နိုင်ကြသည်။ ကမ္ဘာပေါ်တွေင် ဖားပြုပ်အမျိုးမျိုးကို နေရာအနှံအပြားတွင် တွေ့နိုင်လေသည်။ Bufo Melanostictus အမျိုးအစားကို အိန္ဒိယ၌လည်းကောင်း Alelopus နှင့် Bufo Americanus အမျိုးအစားကို south Central American ၌လည်းကောင်းB-bufo ဥရောပ၌လည်းကောင်း B-alvarious အမျိုးအစားသည် အဆိပ်ပြင်းသော ဖားပြုပ်မျိုးဖြစ်၍ Colorado River ဘေး၌လည်းကောင်း Bufo Vulgaris အမျိုးအစားကို North America ၌လည်းကောင်း Nectophrynodies အမျိုးအစားကို East Africa ၌လည်းကောင်း Bmarimus အမျိုးအစားသည် ခွေးလောက်ရှိလေသည်။Internet Cuba ၌ရှိသောဖားပြုပ်များသည် ဦးခေါင်းခွဲပါရှိ၍ တွင်းအောင်းလျက်ရှိနေလေသည်။

မိုးဦးကျသောအခါ အမထက်သေး၍ ပို၍မဲသောဖားပြုပ်အထီးသည် သားပေါက်မည့်နေရာသို့ ပထမဦးစွာရောက်လာပြီး ကျယ်လောင်သောအသံဖြင့် အမကိုစွဲဆောင်၍ အော်လေသည်။ ထိုသို့အသံပြုလုပ်သောအခါ ရင်ဘတ်ပိုင်းတွင် ဘော်လုံးကဲ့သို့ လေများနှင့်ပြည့်သောအလုံး ပေါ်လာသည်။ မိတ်လိုက်ပြီးသောအခါ ကန်ထဲရှိ သစ်ရွက်များတွင် ဥများကို နှစ်တန်းတန်း၍ (၃) ရက်မှ (၅) ရက်တွင် အကောင်ပေါက်ကာ (၄၀) ရက်မှ(၆၀)ရက်အတွင်း ဖားလောင်းဖြစ်လာသည်။ ဥအရေအတွက်မှာ (၆၀၀) မှ (၃၀၀၀၀) အထိ ရှိ၍ (၁) လမှ (၃) လအတွင်း အရွယ်ရောက်လေသည်။ ဖားပြုပ်တစ်ကောင်၏ သက်တမ်းသည် (၃၆) နှစ်အထိ အသက်ရှင်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းအဆိုပြုကြသည်။

ဖားပြုပ်သည် ကြမ်းတမ်းရုပ်ဆိုးသော်လည်း စီးပွားရေးအရ တန်ဖိုးလည်းကြီးလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်တွင် အမေရိကန်နိုင်ငံရှိ Department of Agriculture တွင်ဖားပြုပ် (၁) ကောင်ကို အမေရိကန်ဒေါ်လာ $ ၁၂၅ ဒေါ်လာပေး၍ ၀ယ်ရလေသည်။ ထိုနည်းတူ တရုတ်လူမျိုးများသည် ဖျားနာခြင်း အမျိုးမျိုးကိုကုရာတွင် ဖားပြုပ်အဆိပ်ကို အသုံးပြု၍ ကုသ၍ ထိုအဆိပ်ကို အဖြစ်ထားရှိလေသည်။ ကရင်လူမျိုးတို့သည် ဖားပြုပ်ကို အောက်ပါဝိသေသထူးများ ရှိသည်ဟု ယုံကြည်ကြသည်။ ဖားသည် စကားတည်၍ အော်သောအခါ မိုးရွာချသည်။ မိမိ၏ဥနှင့်ကလေးများကို ပြန်လည်စားသောက်ခြင်းမပြု။ ဖားပြုပ်အရေခွံကို စားမိသူများသည်။ အော့အန်စေသည်။ သို့ရာတွင် အလွန်ဆိုးရွားသော အဆိပ်ကိုပြေစေသည်။ မြွေဆိုးများနှင့် ရင်ဆိုင်တွေ့ဆုံသည့်အခါတွင် ဖားပြုသည် မိမိအရေခွံအတွင်းမှ အစေးညစ်ထုတ်၍ ထိုအစေးများဖြင့် မြွေဆိုးကိုသေစေသည်။

ယားနာ၊ ပွေးနာနှင့် မီးလောင်ဒဏ်ရာရသည့့် အနာများပေါ်တွင် ဖားပြုပ်၏ အရေခွံနှင့် အုပ်ထားလိုက်လျှင် ချက်ချင်းအနာသက်သာ ပျောက်ကင်းနိုင်သည်။ ဖားပြုပ်၏အရေခွံသည် ရွံစရာကောင်း၍ အလွန်အရုပ်ဆိုးသော်လည်း အမျိုးမျိုးသောရောဂါနှင့် ဆိုးဝါးသောအဆိပ်များကို ပျောက်ကင်းနိုင်သည်။ ထိုသို့သော လက္ခဏာထူးများကြောင့် ရှေးကရင်လူကြီးများသည် ဖားပြုပ်၏အရေခွံကို အထွတ်အမြတ်ထား၍ သိမ်းဆည်းထားကြသည်။ ကမ္ဘာပေါ်ရှိ အခြားသောလူမျိုးများသည် ၊ ခြင်္သေ့၊ လင်းယုန်၊ နဂါး စသောအရာများကို အလေးထားသကဲ့သို့ ကရင်လူမျိုးများသည် ဖားပြုပ်ကိုအလေးထားကာ ဖားစည်သွန်းလုပ်တိုင်း ဖားပြုပ်ပါလေသည်။ ဖားစည်၌ရှိသောဖားပြုပ်သည် လက်ဝဲရစ် တစ်ကောင်နောက်တစ်ကောင်လိုက်လျှင် စည်းလုံးခြင်းကိုဖော်ဆောင်သကဲ့သို့ ဖားစည်၌ရှိသောဖားပြုပ်သည် မျက်နှာချင်းဆိုင် တည်ရှိပါက စည်းလုံးမှုပြိုကွဲခြင်းကို ဖော်ပြထားလေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ကရင်တစ်မျိုးသားလုံးသည်လည်း ဖားစည်ပေါ်ကဖား၏ အဓိပ္ပာယ်နှင့်အညီ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကိုလေ့လာသုံးသပ်ပြီး ဆင်ခြင်ကြရမည်ဟု ကရင်တစ်မျိုးသားလုံးအား တိုက်တွန်နှိုးဆော်လိုက်ရပါသည်။

more.gif

ကရင့်ဖားစည်

more.gif