ကရင်နှင့်ဖားစည်


ကရင်မျိုးနွယ်စုတိုင်း ဖားစည်ကို အမြတ်တနိုး တန်ဖိုးထားကြပါသည်။ သို့သော် ဖားစည်၏သမိုင်းကြောင်းရပ်များ၊ အယူအဆနှင့် အသုံးပြုပုံ၊ အလေ့အထများကား မတူညီကြပါ။

ကျွန်တော်သည် ရှစ်ဆယ်ကျော် သက်ရှိသူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ဖားစည်သံတညံညံမြည်ဟီးသည့် တောင်ငူဒေသမှဖြစ်ပါသည်။ ၁၉၂၀ ခုနှစ်နောက်ပိုင်းနှင့် ၁၉၃၀ ခုနှစ်အလယ်ထိ လူမှန်းသူမှန်းသိလာသည့်အချိန်တွင် တောင်ငူတ၀ိုက် တာဝါကရင်များ စုရုံးနေထိုင်သည့်ရပ်ကွက်၊ ရပ်ရွာများမှာ မြို့ကြီး၊ လောကုတ္တရာ၊ အစ္စတု၊ ကသဲစု၊ အင်းဝိုင်း၊ သာယာကုန်းနှင့် မိုးကောင်းကင်တို့ဖြစ်ကြပါသည်။ ၎င်းရွာနှင့် ရပ်ကွက်များတွင် အိမ်ကြီးအိမ်ကောင်းတိုင်းလိုလို ဖားစည်အနည်းဆုံးတစ်လုံးစီ ရှိခဲ့ကြသည်။ အချို့သော သစ်ခေါင်းဆင်ပိုင်အိမ်များတွင် ဖားစည်များကို ဆင်စွယ်နှစ်ချောင်းကြား ထားကြသည်။ တစ်လုံးထက်မကထားသောအိမ်များလည်း ရှိကြသည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသော ကျွန်တော်မှာ ဖားစည်နှင့်ကရင် ခွဲခြား၍မရ၊ ဒွန်တွဲလျက်ရှိသည်ကို မသိစိတ်ထဲစွဲမြဲလာရခြင်းမှာ မဆန်းတော့ပါ။ ဖားစည်ကို မည်သို့မည်ပုံ အသုံးပြုခြင်းကိုကား မသိရှိ နားမလည်သေးပါ။

၁၉၃၄-၃၅ ခုနှစ်လောက်တွင် ပဒေါင်အမျိုးသား၊ အမျိုးသမီးနှစ်ဦးသည် အိမ်သို့ရောက်ရှိလာခဲ့ပါသည်။ လူကြီးမိဘများ ပြောဆိုချက်အရ ၎င်းတို့မှာ ဘိလပ်(အင်္ဂလန်) သို့သွားရောက်ပြီး ပဒေါင်(ကယန်း) လည်ပင်းရှည်အမျိုးသမီးကို ဆက်ကပ်(Circus) ပွဲတွင် လူထူးလူဆန်းအဖြစ် သွားရောက်ပြသရန်ဖြစ်သည်။ ကျွန်တော်၏အဘ ဦးဖဲအား လာရောက်၍ဂါရ၀ပြုကြခြင်း ဖြစ်ပါသည်။ ၎င်းပဒေါင်ဇနီးမောင်နှံနှစ်ဦးက ရိုးရာအကများပြသကြရာတွင် ကျွန်တို့အိမ်တွင် ထားရှိသောဖားစည်ကြီးကို ပဒေါင်အမျိုးသားကတီးပြ သီချင်းစုံတွဲ ဆိုခဲ့ကြသည်။ ၎င်းသံစဉ်အလိုက် အမျိုးသမီးက ဟန်ချက်ညီညီ ခြေလှမ်းဖြင့် ဖားစည်ကိုလှည့်ကာ ရိုးရိုးလေး ကပြသီဆိုသွားခဲ့ကြပါသည်။ ဖားစည်ကိုတီးရသော အမျိုးသားမှာ တစ်ဖက်က ဖားစည်၏မျက်နှာပြင်ကို လက်ယာလက်တွင် ကိုင်ဆောင်ထားသည့် တီးခတ်ရန်ပြုပြင်ထားသော လက်ကိုင်တံဖြင့်တီးပြီး လက်ဝဲလက်မှ ၀ါးခြမ်းစနှစ်ချောင်းကို ဖားစည်၏ကိုယ်ထည်ပေါ်တွင် စည်းချက်ညီညီရိုက်ခတ်ပေး၍ ပါးစပ်မှလည်းရိုးရာတေးကို သီဆိုကြပါသည်။ ဤပထမဦးဆုံး အဆို၊ အက၊ အတီးတွင် ဖားစည်အားအသုံးပြုသည့်ပုံကို တွေ့ရှိခဲ့ရ၍ တစ်သက်လုံးမမေ့နိုင်ခဲ့ပါ။ နောက်နှစ်နှစ်အကြာတွင် ထိုသူနှစ်ဦးရောက်လာပြန်ပြီး အဖန်တလဲလဲ အဘဦးဖဲကို ဂါရ၀ပြုကြပြန်သည်။ နောက်ကြားသိရသည်မှာ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ဌာနေကို ပြန်ရောက်ကြသောအခါ လက်ထပ်ထိမ်းမြားကြပြီး အိုးအိမ်တည်ထောင်ကြလေသည်။

နောက်တစ်ကြိမ် ဖားစည်များကို ပျော်မြူးစွာတီးခတ်သံကြားရပြီး တွေ့မြင်ရသည်မှာ တောင်ငူမြို့တွင်ကျင်းပသော ပထမအကြိမ် ကရင်နှစ်သစ်ကူးပွဲတော်ပင်ဖြစ်ပါသည်။ ဖားစည်ရှိသည့် အိမ်တိုင်းနှင့် ဗဟိုခန်းမပြုလုပ်ထားသည့် ပကူးကျောင်းတွင် ဖားစည်များတီးခတ်သံကို တညံညံကြားခဲ့ရပါသည်။ အလွန်တရာမှ ကြည်နူးဖွယ်ရာဖြစ်ပါသည်။ နောက် ၁၉၃၉ ခုနှစ် နွေဦးပိုင်းတွင် သံတောင်ကြီး၊ လိပ်သို၊ ကရင်ချောင်းသို့ ခြေလျင်ခရီးထွက်ရာ တောင်ပေါ်ကျေးရွာများမှ ညနေချမ်းအချိန်တွင် မြည်ဟီးလာသော ဖားစည်သံများကို ကြားရပြန်သည်။ အေးချမ်းသာယာမှု၊ ပျော်ရွှင်မှုကိုဖော်ဆောင်သော လက္ခဏာများသာဖြစ်ပါသည်။ မင်္ဂလာဆောင်သည့်အခါ အလှူပွဲလုပ်သည့်အခါ၊ စပါးရိတ်သိမ်းပြီး ကျေးရွာစပါးကျီသို့ ပို့ဆောင်ပြီးသောအခါ၊ သစ်ခေါင်းများ သစ်လုပ်ငန်းပြီးစီး၍ ချောချောမောမော အောင်အောင်မြင်မြင် အိမ်သို့ပြန်ရောက်ကြသည့်အခါများတွင် ပွဲခံကြခြင်းဖြစ်ပါသည်။

၁၉၄၂-၄၅ ခုနှစ် စစ်တွင်းကာလများတွင်ကား ဖားစည်သံ တိတ်ဆိတ်သွားပြန်သည်။ ကျေးရွာများတွင် ဖားစည်များဖုန်တက်၍ ဆိတ်ငြိမ်သွားခဲ့ရပါသည်။ တစ်ဖန် ၁၉၄၅ ခုနှစ်ကုန်ပိုင်းလောက်တွင် စစ်ကြီးပြီးဆုံးပြီး ဖက်ဆစ်ဝါဒီများ ကျဆုံးသည်နှင့်တစ်ပြိုင်တည်း ဖားစည်သံများ ပေါ်ထွက်လာပြန်ခဲ့သည်။ လွတ်လပ်ရေးရရှိသည့်အချိန်ထိ ဖားစည်များ အသံမြိုင်ဆိုင်မြူးကြ္ဂွ္ဂ္ဂ၍ နေခဲ့ကြသည်။ ၎င်းနောက် နိုင်ငံရေးမရေရာ၊မတည်ငြိမ်သည့်ကာလ ဖြစ်ပေါ်လာ၍ ဖားစည်သံများမှေးမှိန် ပျောက်ကွယ်သွားရပြန်သည်။ အဆိတ်သုဉ်းဆုံးကာလမှာ ပြည်တွင်းစစ်နှင့်ကရင်အရေး ပုံစံအမျိုးမျိုးဖြင့် ပြည်တောင်စုကြီးကို အကြီးကျယ်ဆုံး အန္တရာယ်ပြုလှုပ်ရှားနေသည့်အချိန် ဖြစ်ပါသည်။

သာဓကမှာ အောက်ကျင်းကရင်ကျေးရွာများမှ ဖားစည်သံမပေါ်ထွက်လာတော့ခြင်းပင်ဖြစ်သည်။ ဖာပွန်နယ် သံလွင်ကမ်းနား၌ တည်ရှိသော ကျောက်ညှပ်ဘုန်းကြီးကျောင်းပျက်တွင် ၁၉၅၀ ခုနှစ်က ဖားစည်တစ်လုံးသည် ကျောင်းပရ၀ုဏ်အတွင်း စင်ပေါ်၌ အမိုးမကာမရှိ သဘာဝဘေးဒဏ်ကို ဤအတိုင်း ငုတ်တုပ်ရင်ဆိုင်ကာရှိနေခဲ့သည်။ တောင်ရိုးတစ်လျှောက် ရှမ်းပြည်တောင်ပိုင်း ကရင်နယ်၊ ပဒေါင်နယ် (ကယား၊ ကယန်း) မှစ၍ ကြာအင်းဆိပ်ကြီး၊ တောင်ဘက်တနင်္သာရီထိ ဖားစည်သံများ တိတ်ဆိတ်ခဲ့ပြန်ပါသည်။

ပို၍ဆိုးသည်မှာ နောက်တဖြည်းဖြည်း ကရင်ဖားစည်များသည် တစ်ဖက်ကမ်းသို့ဈေးကောင်းရ၍ တိုင်းတစ်ပါးလက်သို့ ရောက်ရှိသွားကြပြီး အိမ်သုံးအလှပစ္စည်းများသဖွယ်နှင့် အရက်ခွက်၊ စီးကရက်၊ ဆေးလိပ်တင်စရာစားပွဲများပမာ အသုံးပြုခံဘ၀သို့ ရောက်ရှိသွားကြရသည်။ ၁၉၇၀-၈၀ ခုနှစ်တွင် လူသူအရောက်နည်းပါးသော ရိုးရာနတ်စားကရင်များနှင့် ပရက် (ကယော) တို့ဌာန၌ကျန်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းရိုးရာနတ်စားတို့မှာ ဖားစည်ကို ရိုးရာဝါးပတ္တလားနှင့်ယှဉ်တီးပြီး ပရက် (ကယော) တို့မှာတော့ ခုနှစ်လုံးမျှသော ဖားစည်များကိုယှဉ်ပြီး ကြီးစဉ်ငယ်လိုက်သံစဉ်အတိုင်း တေးဖြစ်အောင်တီးခတ်သီဆိုကြပါသည်။

ကရင်နှင့်ဖားစည်မှာ ဖွားဖက်တော်ဖြစ်ပြီး ငြိမ်းချမ်းသာယာသည့်အသွင်ကို အမြဲဆောင်သည့်အရာဝတ္ထုဖြစ်သည့်အလျှောက် ဖားစည်သံတညံညံဖြင့် မြည်ဟီးနေသည့် ငြိမ်းချမ်းသာယာ၍ စည်းလုံးညီညွတ်ပြီး တိုးတက်ခိုင်မြဲသည့် ကရင်နှစ်သစ်ကူးမှ ဖားစည်သံများနှင့် ကြိုဆိုကြပါစို့။ (စအိုင်ဆူး)

0 comments: