လိုလားသောစေတနာ

474167l68h9nknqq.gif

ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ တခြားသောယဉ်ကျေးသည့် လူမျိုးများနည်းတူ ကိုယ့်လူမျိုး၏ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ရှေးအခါကတည်းကပင် နှစ်သစ်ကူးနေ့ကို အလေးအမြတ်ပြုလုပ်ကျင်းပလာခဲ့သော အလေ့အထများရှိခဲ့ပါသည်။

ကရင်လူမျိုး မျိုးနွယ်စုများသည် တောင်ပေါ်မြေပြန့် နေရာနှင့် နိုင်ငံအနှံ့ ပြန့်ကြဲ၍နေထိုင်ကြသောကြောင့် ဒေသအလိုက်ပြုလုပ်ကျင်းပခဲ့ကြသော နှစ်သစ်ကူးနေ့သည်လည်း တစ်လတည်း၊ တစ်ရက်တည်း၊ တစ်ထပ်တည်းမဖြစ်ပဲ ကွဲလွဲမှုအနည်းငယ်ရှိကြသည်မှာ သဘာဝကျလှပေသည်။

ဒီနေ့ ကော်မတီထဲက အမြင်မတူတာလေးတွေ ကျမသိသလောက် ရေးသားတင်ပြချင်ပါတယ်။ အရင်းခံက ဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ် ကော်မတီထဲမှာ အမြင်မတူတာလေးတွေရှိတယ်။ အားလုံးလည်း ကြားဖူးမှာပါ။ ကရင်နှစ်သစ်ကူးကျင်းပတော့မယ်ဆိုရင် ကော်မတီဝင်တချို့က နှစ်သစ်ကူးနဲ့ မသက်ဆိုင်တဲ့ကိစ္စတွေကို နှစ်သစ်ကူးကော်မတီ အစည်းအဝေးမှာ ပြောဆိုကြတာတွေကို ဘ၀င်မကျဘူး။ ဥပမာအားဖြင့် ဘာသာရေး၊ လူမျိုးရေး၊ ခွဲခြားပြီး အစည်းအဝေးပွဲတို့လိုမျိုး ကော်မတီအနေနဲ့ ဖိတ်ကြားခံရလို့ သွားတာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ သွားတဲ့ကိစ္စတွေကို နှစ်သစ်ကူးအစည်းအဝေးမှာ ပြောဆိုတာတွေဖြစ်တယ်။ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အမြတ်ထုတ်တာမျိုးဖြစ်လာမှာ စိုးရိမ်တဲ့သဘောပါ။

အမျိုးသားစာပေ၊ ယဉ်ကျေးမှု ပြန်လည်ဖော်ထုတ် ထိန်းသိမ်းမြှင့်တင်တဲ့အပိုင်းမှာ နှစ်သစ်ကူးပွဲတော် ကျင်းပရေးနဲ့ဆိုရင်လည်း ဘောင်ကကျဉ်းတယ်။ ကျယ်ကျယ်ပြန့်ပြန့်လုပ်လို့မရဘူး။ ဒီတော့ ဖိတ်ကြားခံရလို့ပဲဖြစ်ဖြစ်၊ ကိုယ့်အစီအစဉ်နဲ့သွားတာပဲဖြစ်ဖြစ် နှစ်သစ်ကူးနေ့သည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောကြောင့် ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်ခြင်း၊ လူတန်းစားအရအမြတ်ထုတ်ခြင်း၊ ဘာသာရေးအရ အမြတ်ထုတ်ခြင်း၊ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်း၊ စီးပွားရေးအရ အမြတ်ထုတ်ခြင်း အလျင်းမပြုပဲ ကရင်အမျိုးသားအသိစိတ်ဓာတ်ဖြင့် ရိုင်းပင်းကူညီကျင်းပသင့်ပါသည်။

အမြင်မတူတဲ့ကိစ္စကို ပြန်ပြောရရင် ကော်မတီဝင်တွေလည်း တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ခွဲခြားသိဖို့လိုတယ်။ လူထုအစည်းအဝေးက ကော်မတီဝင်တွေကို တာဝန်ပဲပေးတာ လုပ်ပိုင်ခွင့်ကိုပေးတာ မဟုတ်ပါဘူး။ အဲဒါကို ခွဲခြားပြီးမသိဘဲလုပ်ရင် မှားမှာပဲ။ လုပ်ငန်းပိုင်းနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ကော်မတီအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်လို့ရပေမယ့် နှစ်သစ်ကူးကော်မတီရဲ့ ကျင်းပရေးမှုကို ပြင်မယ်ဆိုရင် လူထုအစည်းအဝေးက သဘောတူခွင့်ပြုမှ ပြင်လို့ရတယ်ဆိုတာ ခွဲခြားနားလည်ဖို့အရေးကြီးပါတယ်။ ကော်မတီရဲ့လုပ်ရပ်ကိုလည်း ကရင့်မိဘပြည်သူတွေသိအောင် ပြန်ရှင်းပြရမယ့်တာဝန်လည်းရှိပါတယ်။ ငါတို့ကတော့ စေတနာနဲ့ အမှန်တရားအတိုင်း လုပ်တာပဲ။ ဘယ်သူ့ကိုမှ အသိပေးရှင်းပြစရာမလိုဘူး ဆိုတာမျိုး မလုပ်ရဘူး။ ပြန်ရှင်းပြရမယ့်တာဝန်က ရှိကိုရှိနေရပါမည်။

ကော်မတီရဲ့လုပ်ဆောင်ချက်ကို ကရင့်မိဘပြည်သူတွေသိအောင် နှစ်စဉ်နှစ်တိုင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းစာအုပ်ကို ဖြန့်ဝေပေးတာ အလွန်ကောင်းတဲ့ လုပ်ရပ်ပါပဲ။ ဒီအထဲမှာ ဆပ်ကော်မတီအလိုက် အစီရင်ခံစာပါထည့်ထားတော့ ကော်မတီရဲ့ အားနည်းချို့ယွင်းချက်တွေကို ဝေဖန်ထောက်ပြနိုင်ပြီး လိုအပ်တဲ့အကြံဉာဏ်တွေကို ပေးနိုင်မှာဖြစ်ပါတယ်။

အလုပ်လုပ်တဲ့အခါမှာတော့ အမှားအယွင်းရှိမှာပဲ။ အမှားဆိုတာလည်း ပြင်လို့ရတဲ့အမှားနဲ့ ပြင်လို့မရတဲ့အမှားတော့ ရှိတာပေါ့။ ပြင်လို့မရတဲ့အမှားမျိုး မဖြစ်ဖို့လိုတယ်။ မှားတတ်တာ (၂) မျိုးရှိပါတယ်။ ပထမအမှားက မသိလို့မှားတဲ့အမှား၊ ဒုတိယအမှားက စေတနာမှန်သော်လည်း လုပ်ရပ်မှားတဲ့ အမှားပါ။ ပထမအမှားဖြစ်တဲ့ မသိနားမလည်လို့ မှားတဲ့အမှားကို ဥပမာပေးရရင် တာဝန်နဲ့လုပ်ပိုင်ခွင့်ကို မသိတဲ့အမှားမျိုး၊ ဒုတိယအမှားဖြစ်တဲ့ စေတနာမှန်သော်လည်း လုပ်ရပ်အမှားကျတော့ စေတနာနဲ့လုပ်လိုက်တာ...ရည်ရွယ်ချက်ပါတယ်။ ဒါပေမဲ့ အန္တရာယ်ကို ထည့်မတွက်မိဘူး။ သတိမထားမိတော့ လုပ်ရပ်မှားသွားတာမျိုးကို ကျမဖတ်ဖူးတဲ့ စာအုပ်ထဲက စာပိုဒ်လေးကိုပြောပြမယ်။ ''သူတစ်ပါးကို လိုလားသောစေတနာရှိသော်ငြားလည်း အကျိုးဖြစ်ထွန်းအောင် စွမ်းဆောင်နိုင်သောပညာဉာဏ်နည်းသဖြင့် အချည်းနှီးဖြစ်ရတတ်သည်။ ဖခင်၏နဖူးကိုကိုက်နေသည့် ခြင်ကောင်အား ပုဆိန်ဖြင့်ထု၍ မောင်းနှင်သော သားမိုက်၏စေတနာမျိုးသည် ကြောက်စရာပင် ကောင်းလှချည်သည်။'' လို့ ရေးထားတယ်။ စေတနာမှန်ပေမဲ့ လုပ်ရပ်မှန်မှ အကျိုးရှိမှာဖြစ်ပါတယ်။

နှစ်သစ်မှာ ကရင်လူမျိုးများအတွင်း မတူညီကွဲပြားမှုများကို အပြန်အလှန် နားလည်အသိအမှတ်ပြုကြပြီး တူညီသော နှစ်သစ်ကူးစိတ်ဓာတ်ကိုအခြေခံ၍ နိုင်ငံအရပ်ရပ်မှ နေထိုင်ကြသော ကရင်မိဘညီအစ်ကိုမောင်နှမများအားလုံး နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုလည်း ကမ္ဘာတည်သရွေ့ ပျော်ရွှင်စွာ ကျင်းပနိုင်ကြပါစေလို့ ဆန္ဒပြုရင်း....

0 comments: