မန်းစောဘု (သို့မဟုတ်) ငြိမ်းချမ်းရေးမီးရှူးတန်ဆောင်
ငယ်စဉ်ဘဝ
နောင်အခါတွင် ဖူးမန်းစောဘု ဟူ၍ အမည်ထင်ရှားမည့် ဖူးစောဘုသည် မြောင်းမြမြို့နယ် တံခွန်တိုင်ကျေးရွာနေ မိခင်ဖီးနော်ခါနှင့် ဖခင်ဖူးသူးတေးတို့မှ ၁၉၀၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့တွင် မွေးဖွားလာသည်။ ညီအစ်ကိုမောင်နှမ (၇) ဦးရှိရာ ယင်းတို့၏အမည်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဖူးစောသာခင်
(၂) ဖူးစောသာရင်
(၃) ဖီးနော်မယ်ညို
(၄) ဖူးစောဘု
(၅) ဖူးစောဖိုးမြိုင်
(၆) ဖူးစောဖိုးချစ်
(၇) ဖူးစောချစ်တေး
ဖူးစောဘု၏ ပုံပန်းသဏ္ဌန်မှာ ပိန်ပိန်ပါးပါးနှင့် မေးစေ့တွင်မှဲ့ရှိပြီး ထိုမှဲ့တွင် အမွေးပေါက်လျက် ထူးခြားခန့်ငြားစေသည်။
ပညာရှာမှီးချိန်ကာလ
ဖူးစောဘုသည် အင်္ဂလိပ်တို့အုပ်ချုပ်သည့်ကာလတွင် ဖွားမြင်လာသူဖြစ်သည့်အလျှောက် ထိုခေတ်ကာလရှိ ပညာအဆင့်လေးဆင့်ကို ကျောင်းငါးကျောင်းတွင် တက်ရောက်သင်ယူခဲ့ရသည်။
(၁) မူလတန်းပညာကို တံခွန်တိုင်ကျေးရွာ မူလတန်းကျောင်းတွင် သင်ယူခဲ့သည်။
(၂) အလယ်တန်းပညာကို မြောင်းမြမြို့ရှိ အလယ်တန်းကျောင်းတွင် သင်ယူခဲ့သည်။
(၃) အထက်တန်းပညာကို ရန်ကုန်မြို့ရှိ ကူရှင်အထက်တန်းကျောင်း (United Christian High School) တွင် သင်ယူခဲ့သည်။
(၄) တက္ကသိုလ်ပညာ (I.Sc) ကို ရန်ကုန်မြို့ရှိ ဂျပ်ဆင်ကောလိပ်တွင် တက်ရောက်သင်ယူခဲ့သည်။
(၅) တက္ကသိုလ်ပညာ (B.Com) ဘွဲ့ကို အိန္ဒိယနိုင်ငံ၊ ကာလကတ္တားတက္ကသိုလ်တွင် သွားရောက်သင်ယူခဲ့သည်။
ထိုခေတ်ကာလ၌ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အင်္ဂလိပ်အုပ်ချုပ်မှုအောက်တွင်ရှိသဖြင့် ဂျပ်ဆင်ကောလိပ်မှ ဥပစာသိပ္ပံ (I.Sc) အောင်သည်နှင့် ကာလကတ္တားတက္ကသိုလ်သို့ ၀ါဏိစ၀ိဇ္ဇာဘွဲ့ (B.Com) ကို သွားရောက်သင်ယူနိုင်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် B.Com စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သော်လည်း ထိုနှစ်များတွင် ကမ္ဘာ့စီးပွားရေးကပ် ဆိုက်ရောက်သဖြင့် မိဘများ၏ ငွေကြေးအကျပ်အတည်းကြောင့်နှင့် စာတမ်းပြုစုရန်စရိတ်ကလည်း ကြီးမားလွန်းသဖြင့် ဘွဲ့မယူနိုင်ခဲ့ပါ။
အိမ်ထောင်ရေး
ဖခင်ဖြစ်သူ ဖူးသူးတေးသည် သားသမီးတို့ပညာရေးခရီးဆက်နိုင်ရန်အတွက် မြောင်းမြမြို့၊ ရွှေဒါးကုန်းရပ်ကွက်တွင် အိမ်တစ်ဆောင်ဆောက်လျက် ပညာသင်စေခဲ့သည်။ ဖူးစောဘုလည်း မြောင်းမြမြို့တွင် ပညာသင်ကြားစဉ် ABM Girl's School မှ ဆရာမနော်ဂျူးစေနှင့် ရေစက်ဆုံ၍ ချစ်သူတို့ဘ၀ရောက်ရှိခဲ့သည်။ ရပ်ဝေးဒေသတွင် အထက်တန်းပညာ၊ တက္ကသိုလ်ပညာသင်ယူချိန်ကာလအတွင်း သူတို့နှစ်ဦး၏အချစ်သည် အချစ်စစ်အချစ်မှန်ဖြင့် သစ္စာရှိရှိနေခဲ့ကြသည်။ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိပြီး ၁၉၂၉ ခုနှတွင် ဟင်္သာသခရိုင်၊ အင်းရဲကျွန်းရွာတွင် တင့်တယ်စွာ လက်ထပ်ထိမ်းမြားကြသည်။ ထွန်းကားလာသော သားသမီးရတနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) နော်ဖောဖော (Baby Doll)
(၂) နော်လယ်ဖော
(၃) နော်ထီးဖော
(၄)နော်ခလယ်ဖော
ဇနီးဖြစ်သူ ဆရာမနော်ဂျူးစေသည် နောက်ဆုံးသမီးငယ် ဖွားမြင်ပြီးနောက် မီးယပ်ရောဂါဖြင့် ၁၉၃၇ ခုနှစ်တွင် ကွယ်လွန်ရှာသည်။
၁၉၄၁ ခုနှစ်တွင် နှစ်ဖက်သောမိဘများ၏ စီစဉ်ပေးချက်အရ ဖူးလူးတာနှင့် ဖီးနော်ဘေးတို့၏ သမီးဖြစ်သူ နော်မူခင်နှင့် ဒုတိယအိမ်ထောင်ကို ထူထောင်ခဲ့သည်။ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့တွင် သမီးတစ်ဦးထွန်းကားလာရာ ထိုသမီးကို နော်ထူးရေဖောဟု အမည်ပေးခဲ့သည်။
ဘ၀ခရီး
ဖူးစောဘု၏ လောကအသက်တာ (၅၂) နှစ်အတွင်း ခေတ်လေးခေတ်ကို ဖြတ်သန်းခဲ့ရသည်။ ၎င်းတို့မှာ ....
(၁) ၁၉၀၀ ပြည့်နှစ် ၁၉၄၂ ခုနှစ်အထိ အင်္ဂလိပ်အစိုးရ အုပ်ချုပ်သောကာလ၊
(၂) ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့အုပ်ချုပ်သောကာလ၊
(၃) ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ အင်္ဂလိပ်စစ်တပ်ပြန်လည်ဝင်ရောက်လာပြီး အုပ်ချုပ်သောခေတ်ကာလ၊ ဤကာလတွင် မြန်မာခေါင်းဆောင်များအနေနှင့် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းသောကာလလည်းဖြစ်သည်။
(၄) ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ် စက်တင်ဘာလအထိ လွတ်လပ်ရေးရရှိပြီး နိုင်ငံသားအစိုးရအုပ်ချုပ်သောကာလဖြစ်သည်။
ဖူးစောဘုအနေနှင့် ကာလကတ္တားတက္ကသိုလ်မှ ပြန်လည်ရောက်ရှိပြီးနောက် တိုင်းပြည်နှင့်လူမျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်မှုများသည် အံ့မခန်း ကျေးဇူးကြီးမားလှသဖြင့် မေ့မရလောက်သော ဘ၀အသက်တာဖြစ်ပါကြောင်း သုံးသပ်နိုင်ပါသည်။
အသက်မွေးဝမ်းကြောင်း
ဖူးစောဘုသည် B.com ပညာကို ဆည်းပူးရရှိခဲ့သော်လည်း နေရင်းဒေသသို့ ပြန်လည်ရောက်ရှိသောကာလသည် စီးပွားရေးကပ်ကာလဖြစ်၍ စီးပွားရေးလုပ်ရန် အခြေအနေမပေးခဲ့ပေ။ ၁၉၂၈ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်များသည် ကမ္ဘာ့စီးပွားရေးကပ်၏ ဂယက်ရိုက်ခတ်မှု၊ ဆန်စပါးဈေးနှုန်း အဆမတန်ကျဆင်းမှုကြောင့် တောင်သူလယ်သမားအတွက် အတိဒုက္ခရောက်ခဲ့သည်။
ထို ၁၉၂၉ ခုနှစ်မှာပင် ထားဝယ်ခရိုင် သတ္တုတွင်းလုပ်ငန်းများတွင် စာရင်းကိုင်အဖြစ် လခစားအမှုထမ်းရန် သွားရောက်သော်လည်း လုပ်ငန်းအဆင်မပြေသဖြင့် ထားဝယ်မြို့ရှိ မောရိုးကရင်အထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဇနီးဖြစ်သူ ဆရာမနော်ဂျူးစေသည် ထားဝယ်မြို့သို့ရောက်ရှိပြီး ကျောင်းဆရာမအဖြစ် အတူတကွလုပ်ကိုင်ကြသည်။
၁၉၃၄ ခုနှစ်တွင် မြောင်းမြမြို့သို့ပြန်၍ ထော်ကလို့ရှိ ကရင်အမျိုးသားအဖွဲ့ပိုင် စပါးစက်တွင် မန်နေဂျာအဖြစ် လုပ်ဆောင်သည်။ စီမံခန့်ခွဲရေးကောင်းပြီး စီးပွားရေးအမြင်ရှိမှုကြောင့် အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုသို့ မန်နေဂျာအဖြစ်ဆောင်ရွက်ရင်း ကိုယ်စားလှယ်များခန့်ထားပြီး ရန်ကုန်မြို့၌ပင် အရောင်းကိုယ်စားလှယ်များရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ အထူးသဖြင့် ၁၉၃၇ ခုနှစ်တွင် စပါးဈေး၊ ဆန်ဈေးကောင်းသဖြင့် စီးပွားရေး တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။
ဘ၀သက်တာတစ်လျှောက် မှတ်သားဖွယ်ရာများ
ဖူးစောဘု၏ ဘ၀သက်တာကိုလေ့လာရာ၁၌ မှတ်သားလောက်သောအချက်များအနက် အချို့ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
ရဲစွမ်းသတ္တိနှင့်ပြည့်ဝခြင်း
၁၉၄၂ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဗမာ့တပ်မတော်မှ ကရင်တပ်သားအချို့နားလည်မှုလွဲမှား၍ အခင်းဖြစ်ပွားရာ၌ ဂျပန်စစ်ဗိုလ်အီကြီးမားကျဆုံးခြင်းကိစ္စ စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ချက်ကို မည်သူမျှရင်မဆိုင်ရဲကြချေ။ ထိုအခါ စောဖိုးကျားက ဖူးစောဘုအမည်ကိုရည်ညွန်းသဖြင့် ဂျပန်စစ်တပ်တစ်စုသည် ဖူးစောဘုတစ်ဦးတည်းအား ဂျပန်စစ်ဗိုလ်ချုပ်မီနာမီစူစကီး (ခ) ဗိုလ်မိုးကြိုးထံ ခေါ်ဆောင်သွားပါသည်။ ဂျပန်စစ်ဗိုလ်ချုပ်ဗိုလ်မိုးကြိုးက ဂျပန်စစ်ဗိုလ်ချုပ်ကျဆုံးခြင်းအတွက် ဒေါသမီးတောက်လျက် ကျေးရွာသားအားလုံးကို သတ်ပစ်မည်ဟု ကြုံးဝါးပြောဆိုသည်။ ဖူးစောဘုက အမျိုးမျိုး ဖျောင်းဖျပြောဆိုတောင်းပန်သော်လည်း မရသဖြင့် နောက်ဆုံးတွင် မိမိကျေးရွာရှိ ကလေးလူကြီး မိန်းမသားများအား ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းကို မိမိမမြင်လိုကြောင်းနှင့် ထိုသို့ပြုမည်ဆိုလျှင် မိမိအားအရင်ခုတ်သတ်ရန် သင်္ဘောပေါ်တွင်လည်ကိုစင်းပေးခဲ့သည်။ ဂျပန်စစ်ဗိုလ်ချုပ်လည်း ဖူးစောဘု၏သတ္တိကိုတွေ့ရှိသဖြင့် စိတ်ပြောင်းလဲသွားပြီး နောက်နေ့န့နက် (၁၀း၀၀) နာရီတွင် ထော်ကလို့ဆန်စက်တွင် ရွာသားများနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်းပြောကြားပြီ ညတွင်းချင်းပြန်ပို့စေသည်။ နောက်နေ့ (၁၀း၀၀) နာရီအချိန်တွင် ဂျပန်စစ်ဗိုလ်ချုပ် (ဗိုလ်မိုးကြိုး) ရောက်ရှိလာပြီး ဖူးစောဘု စုစည်းထားသော ကျေးရွာလူထုနှင့်တွေ့ဆုံပြီး ငြိမ်းချမ်းမှုကိုပြေလည်စွာ တည်ဆောက်နိုင်ခဲ့သည်။ ထိုဆွေးနွေးပွဲတွင် စောမောင်မောင်သန်း (စကောမောလေး) က စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။
၁၉၄၂ ခုနှစ်၊ ဇွန်လဝက်တွင် မြောင်းမြမှ ရဲ (၆) ဦးပါ အဖွဲ့တစ်ဖွဲ့သည် တာဝန်အရအိမ်မဲမြို့သို့သွားရာ လမ်းတွင်ပျောက်ဆုံးသွားခြင်းကိစ္စအတွက် စုံစမ်းရန် မည်သည့်တာဝန်ခံ တစ်ဦးတစ်ယောက်မျှ မသွားရဲဖြစ်နေသည်ကို ဖူးစောဘုက မိမိသွားမည်ဖြစ်ကြောင်း အဆိုပြုသည်။ သို့သော် လိုက်ပို့မည့်သူပင်မရှိ ဖြစ်ခဲ့ရသည်။ ဖူးစောဘုလည်း တစ်ဦးတည်း ခြေလျင်ခရီးဖြင့်စုံစမ်းရာ လမ်းခရီးတွင် ဘာသတင်းမျှမရဘဲ နောက်တစ်နေ့တွင် အိမ်မဲမြို့သို့ ချောချောမောမော ရောက်ရှိသွားသည်။ မြို့သူမြို့သားများက ဖူးစောဘုကိုတွေ့ရှိသောအခါ အားရ၀မ်းသာစွာဖြင့် အခြေအနေကောင်းသည်အထိနေထိုင်ရန် ပန်ကြားကြသည်။ ဖူးစောဘုလည်း ညအိပ်ပြီး နောက်နေ့တွင် ၀တ်လုံတော်ရစောဘဦးကြီးနှင့် ၀တ်လုံတော်ရစောဗစ်တာဖိုးတို့ ဂျပန်မီးသင်္ဘောဖြင့် ရောက်ရှိလာပြန်သဖြင့် မြို့သူမြို့သားများလည်း အားတက်လာကြသည်။ နောက်ပိုင်းတွင် လမ်းခရီး၌ပျောက်ဆုံးသော ရဲတပ်ဖွဲ့ဝင် (၆) ဦးမှာ အသတ်ခံရကြောင်း သတင်းရရှိသဖြင့် လူသတ်မှုကျူးလွန်သူများကို ဂျပန်တို့သွားရောက်ဖမ်းဆီးပြီး သုတ်သင်လိုက်ကြောင်း သိရသည်။
တစ်ကြိမ်က တံခွန်တိုင်ရွာတွင် BDA တပ်သားများနှင့် ဂျပန်တပ်သားများ အပြန်အလှန်ပစ်ခတ်ကြရာမှ ဂျပန်တပ်သား (၃) ဦး ကျဆုံးခြင်းအတွက် ဂျပန်တပ်ကအငြှိုးထားပြီး ရွာသူရွာသားများအားသတ်ရန် ကမ်းနားရှိ ဘော်လုံးကွင်းတွင် တစ်ညလုံး၊ တစ်နေ့လုံး စုရုံးစေပြီး တပ်ဖြင့်ဝိုင်းထားသည်။ ရွာသူရွာသားများလည်း အစာငတ်ရေငတ်ဘ၀ဖြင့် နေပူကြဲကြဲတွင် နေခဲ့ရသည်။ ထိုသတင်းကို ဖူးစောဘုကြားသိ၍ သန်းခေါင်ကျော် ညတွင်းချင်း မိးစွဲကိုကိုင်လျက် ကိုင်းတောခြုံနွယ်များကို ခြေလျက်ဖြတ်ကာ မြောင်းမြသို့လိုက်သွားသည်။ မြောင်းမြတွင် ဂျပန်ဆရာဝန် ဒေါက်တာခင်မူးရာ၏အကူအညီဖြင့် ဂျပန်ဗိုလ်အား သွားရောက်တောင်းပန်ခဲ့ခြင်းအောင်မြင်သဖြင့် အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့သည်။
ဂျပန်တို့စစ်ရှုံး၍ ပြန်လည်ဆုတ်ခွာသွားကြရာ နောက်ဆုံးအသုတ်မှ ဂျပန်စစ်ဗိုလ်အီကြီးမား (Egema) သည် မြောင်းမြမြို့ရှိ အစိုးရအဆောက်အအုံများကို မီးရှို့ပြီးထွက်ခွာမည်ပြုရာ ဖူးစောဘုနှင့် ရှေ့နေအမျိုးသမီး ဂါ့အေးခင်တို့၏ ရဲဝံ့စွာတင်ပြအရေးဆိုမှုကြောင့် မီးလောင်ကျွမ်းခြင်းမှ ကင်းဝေးခဲ့ရသည်။
ကိုယ်ကျိုးစွန့်သူ
ဂျပန်အုပ်ချုပ်ရေးအဖွဲ့သည် ဖူးစောဘုနှင့် ဆရာထိုဥတို့အား အေးချမ်းသာယာရေးအတွက် လိုက်လံရှင်းလင်းဟောပြောရန် တာဝန်ပေးခဲ့သည်။ ထောက်ပံ့ကြေးတစ်လလျှင် (၁၅၀) ကျပ်ပေးသည်။ ထိုထောက်ပံ့ငွေသည် ဖူးစောဘုတို့အတွက် လုံလောက်ခြင်းမရှိသည့်အပြင် အခက်အခဲရှိသူများ ဒုက္ခရောက်သူများကိုတွေ့ရှိလျှင် စိုက်ထုတ်ကူညီမစရသေးသည်။ အခက်အခဲများရှိ၍ လာရောက်အကူအညီတောင်းခံသူများအား မငြီးမတွားကူညီသည်။ တစ်ခါတစ်ရံ ထမင်းကိုပင်ဖြောင့်ဖြောင့်မစားရဘဲ မတ်တပ်ရပ်စကားပြောရင်း စားရသည်။ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများ လွတ်မြောက်ရေးအတွက်ပင်လျှင် သက်ဆိုင်ရာဆွေမျိုးများက အကူအညီတောင်းလျှင် သွားရောက်ရွေးထုတ်ပေးခဲ့သည်။
အနစ်နာခံသူ
ဆန်မလုံလောက်သူများ ဆန်ရရှိရေးအတွက် အကူအညီအပြည့်အ၀ပေးခဲ့သည်။ မိမိအိမ်ထောင်တွင်မှု ဆန်ကွဲကိုသာ ချက်စားလေ့ရှိသည်။ လာရောက်တောင်းစားသူ လူမျိုးခြားများကိုပင် ဆန်အကောင်းများ မစကျွေးမွေးသည်။
ဘာသာရေးကိုင်းရှိုင်းသူ
ဘာသာရေးကိုင်းရှိုင်းလျက် တရားတော်၏ဆုံးမသွန်သင်မှုကို အစဉ်လိုက်လျှောက်သူဖြစ်သည်။ ဓမ္မဆရာတစ်ဦးက ဖူးမန်းလွန်းဘော်အား ဧ၀ံဂလိတရားကိုဟောလျက် ကယ်တင်ခြင်းအကြောင်းကိုပြောကြားရာ ဖူးမန်းလွန်းဘော်က သင့်ရဲ့ယေရှုခရစ်ကယ်တင်ခြင်းကိုကျုပ်မသိ၊ ကျုပ်သိတာက မန်းစောဘုကယ်တင်ခြင်းကြောင့်သာလျှင် ဗိုလ်မိုးကြိုး၏ ရက်စက်စွာသတ်ဖြတ်မှုဘေးမှ လွတ်ခဲ့ရသည်ဟုပြောရာ ဆရာက မန်းစောဘုနှင့် မိမိတို့ကိုးကွယ်သောအရှင်သည် ထိုကယ်တင်ခြင်းအရှင်ဖြစ်ကြောင်း ပြန်ပြောသောအခါ မန်းစောဘုကိုးကွယ်သော ကယ်တင်ရှင်ဖြစ်က မိမိကိုးကွယ်မည်ဖြစ်ကြောင်းပြောပြီး ယနေ့တိုင် ယုံကြည်စွာကိုးကွယ်ကြောင်း သိရှိရပါသည်။ ဖူးစောဘု၏ အကျင့်စာရိတ္တပေါ်လွင်ပုံသည် တရားဟောရန်ပင်မလိုကြောင်း ပေါ်လွင်ပါသည်။
အန္တရာယ်ကိုကင်းစေသူ
မန်းစောဘု သင်္ဘောဖြင့်ခရီးသွားလျှင် သူ့အား သင်္ဘောရှေ့ခန်းတွင် ထားရှိစီးစေလေ့ရှိသည်။ အကြောင်းမှာသူ့အား လူဆိုးဓားပြများကတွေ့လျှင် တိုက်ခိုက်ခြင်းမပြုတော့ဟု အယုံအကြည်ရှိကြသည်။ အချို့ကလည်း ဘယ်သူတွေဘယ်လောက်ဆိုးဆိုး ဖူးစောဘုနှင့်တွေ့လျှင် အကုန်ကောင်းကုန်တာဘဲဟု ဆိုစမှတ်များလည်း ရှိခဲ့ရသည်။ အချို့သောရွာသားများသည် စပါးပင်များကိုကြွက်ဖျက်ဆီးသဖြင့် ဖူးစောဘုထံမှ ကြွက်နှင်စာလာရောက်ရယူပြီး လယ်ကွင်းထဲ၌ ချိတ်ဆွဲထားရာ ကြွက်များပြေးကုန်သည်ဟု ဆိုသူများလည်းရှိသည်။ အချို့က လာရောက်တောင်းယူခြင်းမပြုတော့ဘဲ မိတ္တူကူး၍ နှင်ကြောင်းပင်ကြားသိရသည်။
သားသမီးတို့အား လမ်းမှန်သို့သွန်သင်ပေးသူ
ရန်ကိုရန်ချင်း မတုံ့ပြန်ရေးနှင့် အဆိုးကိုကောင်းသည်အထိ လုပ်မည်ဟူသော ခိုင်မာသည့် သံန္နဌာန်ချထားသော ပုဂ္ဂိုလ်ဖြစ်သည်။ သားသမီးတို့၏ ဘ၀လမ်းကြောင်းမှန်ကန်ရေးအတွက် အစဉ်သွန်သင်ပေးသူဖြစ်သည်။
သေရည်သေရက်ရှောင်ကြဉ်သူ
ဖူးစောဘုသည် လူတကာနှင့်ပြေလည်စွာ ဆက်ဆံတတ်သူဖြစ်သည်။ လူတကာနှင့်ဆက်ဆံရာ၌ သေရည်သေရက်အသောက်အစားများကို ရှောင်ကြဉ်သူဖြစ်သည်။ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းများကို ရှောင်ကြဉ်ရာ၌ ဆေးလိပ်အနံ့ကိုပင် မခံနိုင်ချေ။
တိုင်းပြည်နှင့်လူမျိုးအတွက်ဆောင်ရွက်သူ
ဖူးစောဘုသည် မြောင်းမြခရိုင်၊ ကရင်အမျိုးသားအဖွဲ့ ဒေါကလု၏ဥက္ကဌအဖြစ် ၁၉၃၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ ပါလီမန်အမတ်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ သို့သော် ရောဂါဖိစီးမှုကြောင့် ၁၉၅၁ ခုနှစ်မှစ၍ ပါလီမန်အစည်းအဝေးသို့ မတက်နိုင်တော့ပေ။
အထက်တန်းကျောင်းတည်ထောင်ခြင်း
၁၉၄၅ ခုနှစ်တွင် ဂျပန်စစ်တပ်များဆုတ်ခွာသွားပြီးနောက် အင်္ဂလိပ်တပ်များဝင်ရောက်လာသောအခါ အုပ်ချုပ်ရေးအခြေအနေကောင်းမွန်လာပြီး ကုန်ပစ္စည်းများလည်း ပေါများလာသည်။ ဖူးမန်းနိုက်နှင့်လက်တွဲ၍ ရေတွင်းရေကန်တွင် စခန်းတစ်ခုထူထောင်၍ ခရီးသွားများ၏အကျိုးကိုဆောင်ရွက်ခဲ့သည်။ အထက်တန်းကျောင်းကိုမှု မန်းနိုက်အပြင် မန်းလင်းဘော်တို့နှင့်လက်တွဲ၍ ၁၉၄၇ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်နိုင်ခဲ့သည်။ ရပ်ဝေးရှိ ကလေးများအတွက် ဘော်ဒါဆောင်ကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။
ကျန်းမာရေးဆောင်ရွက်ချက်
ရေတွင်းရေကန်တွင် ဆေးခန်းတစ်ခုဖွင့်လှစ်နိုင်ရေးအတွက် Dr. Ba Than Chain နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထိုဆေးခန်းတွင် Dr. Maung Sein က အထူးဂရုတစိုက် ကုသပေးခဲ့သည်။
အသင်းတော်ကိုထူထောင်ခဲ့သည်
ဖူးစောဘု ဦေးဆာင်လျက် ၁၉၄၉ ခုနှစ်တွင် ရေတွင်းရေကန်နှစ်ခြင်းခရစ်ယာန်အသင်းတော်ကို တည်ထောင်ပေးခဲ့သည်။ ပထမဦးဆုံးအသင်းအုပ်ဆရာမှာ ဆရာဖိုးမိုင်ဖြစ်သည်။
ကူညီလိုစိတ်ရှိသူ
ဖူးစောဘုသည် မိမိထံသို့လာရောက် အကူအညီတောင်းခံသူတိုင်း ငြင်းပယ်ခြင်းမပြုဘဲ မိမိထီးဟောင်းကလေးကိုစွဲကိုင်လျက် လိုက်ပါကူညီလေ့ရှိသူဖြစ်သည်။
ဂုဏ်ပြုထိုက်သူ
၁၉၄၅ ခုနှစ်၊ မတ်လ (၀ါ) ဧပြီလတွင် ကရင်၊ ဗမာ၊ တရုတ်၊ ကုလား စသည်တို့ပါဝင်သော အဖွဲ့ (၁၄) ဖွဲ့က ဖူးစောဘုကို ဂုဏ်ပြုပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ တက်ရောက်သူကိုယ်စားလှယ်အသီးသီးက ကျေးဇူးတင်ချီးကျူးစကားများ ပြောကြားကြသည်။
နောက်ဆုံးခရီး
ဖူးစောဘုသည် ၁၉၅၂ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်ဆေးရုံကြီးတွင်တက်ရောက်၍ ကုသမှုခံကိုယူသည်။ အသားဝါရောဂါ (Jaundic) ကိုကုသရင်း ဆေးရုံတွင်ခွဲစိတ်ကုသမှု (၃) ကြိမ်ပြုလုပ်ပြီး ၂၁-၉-၅၂ ခုနှစ်တွင် ကွယ်လွန်သွားသည်။ ၂၂-၉-၅၂ နေ့တွင် မြောင်းမြမြို့သို့ ပြန်လည်ယူဆောင် ရောက်ရှိသည်။ ညအခါတွင် နေအိမ်၌ပြန်ထားပြီး နေ့အခါတွင် ဧည့်အိပ်ဆောင်တွင် ထားရှိသည်။ လူအများက သူ့ကျေးဇူးကိုသိလျက် လာရောက်နှုတ်ဆက် ဂါရ၀ပြုကြသည်။ ဖူးစောဘု၏ ရုပ်ကလပ်ကို ၂၇-၉-၅၂ ရက်နေ့တွင် ရေတွင်းရေကန်၌ ခမ်းနားစွာ မြေမြှုပ်သဂြိုလ်လိုက်သည်။
ဖူးစောဘုကို အချို့က သူတော်စင်ဟူ၍ မှတ်ယူလျက် သူ့ကျေးဇူးကို အစဉ်အမြဲရေတွက်ပြီး ကျေးဇူးတင်နေကြရပါသည်။ (စောမူးခူ နှင့် စောဟားရေစီ)
0 comments:
Post a Comment