သညာ

မှတ်သားခြင်းသဘောကို "သညာ" လို့ခေါ်ပါတယ်၊ ဒီသညာဟာ မှတ်သိခြင်း သဘောလက္ခဏာ ရှိပါတယ်၊ အညို၊ အ၀ါ စတဲ့ အဆင်းကို အညိုပဲ၊ အ၀ါပဲ စသည်ဖြင့် မှတ်သိတတ်ပါတယ်၊ အချို အချဉ် စတဲ့ အရသာကို အချိုပဲ၊ အချဉ်ပဲ စသည်ဖြင့် မှတ်သိတတ်ပါတယ်၊ အရှည်၊ အတို စတဲ့ သဏ္ဍာန်ကို အရှည်ပဲ၊ အတိုပဲ စသည်ဖြင့် မှတ်သိတတ်ပါတယ်၊ ကလေးသူငယ်များ မှတ်သားသလို မှတ်သားမိရုံ သိခြင်းမျိုးသာ ဖြစ်ပါတယ်၊ ဘယ်ပုံညိုတယ်၊ ဘာ့ကြောင့်ညိုတယ် စသည်ဖြင့် နှိုက်နှိုက်ချွတ်ချွတ်တော့ မသိနိုင်ပါ။

ရှေးက မှတ်သားဖူးတဲ့ အမှတ်အသားနဲ့ နောက်မှာ ထပ်ပြီး သိခြင်းဟာ သညာရဲ့ လုပ်ငန်းကိစ္စပဲ ဖြစ်ပါတယ်၊ လက်သမားက တံခါးဘောင်ကို ပြုလုပ်တဲ့အခါ ဆက်စပ်ရမယ့် စရွေးပေါက်နှင့် စရွေးတန်တွေမှာ က+က စသည်ဖြင့် အက္ခရာတူ အမှတ်အသား လုပ်ပြီး သိမ်းထားတတ်ပါတယ်၊ အချိန်ရောက်လို့ တံခါးခွေလိုတဲ့ အခါကျမှ ရှေးအမှတ်အသားအတိုင်း ဒီစရွေးပေါက်မှာ ဒီစရွေးတန်ကို သွင်းရမယ်လို့ မှတ်မိပါတယ်၊ ဒီလို စသောအားဖြင့် ရှေးအမှတ်အသားအတိုင်း နောက်ထပ်သိမှုဟာ သညာရဲ့ လုပ်ငန်းကိစ္စ ဖြစ်ပါတယ်။

ဒီစကားတွေကို ပေါင်းစပ်ဆင်ခြင်လိုက်တဲ့အခါ သညာက နောင်အခါ သိဖို့လဲ မှတ်သားတတ်ပါတယ်၊ အဲဒီအမှတ်အသားအတိုင်း ထပ်လို့လဲ သိတတ်ပါတယ်၊ အဲဒီလို ထပ်သိရာမှာလဲ နောင်အခါသိဖို့ မှတ်မိအောင် မှတ်ထားလိုက်ပြန်တယ်၊ ဒီအဓိပ္ပာယ်များဟာ ထင်ရှားလာပါတယ်၊ ဒီလို အဆက်ဆက်မှတ်သားလို့ သိမှုကြောင့် အလွဲအမှားကို စွဲမြဲမှတ်သားမိရင် ဘုရားရှင်ကတောင်မှ အဲဒီ အမှတ် ကင်းပျောက်အောင် မဖျောက်ဖျက်သာဘဲ ရှိရပါတော့တယ်၊ လိုရင်းမှာတော့ ရှေ့သိပဲ ဖြစ်ဖြစ်၊ နောက်သိပဲဖြစ်ဖြစ် မှတ်မိရုံသိခြင်းဟာ သညာရဲ့ သဘော ဖြစ်ပါတယ်။

ပညာက အမှန်တစ်ခုတည်းကိုသာ သိပါတယ်၊ သညာကတော့ အဲဒီလို မဟုတ်ပါ၊ အမှားကိုလဲ မှတ်တာပဲ၊ အမှန်ကိုလဲ မှတ်တာပဲ၊ တစ္ဆေကြောက်တတ်သူက ညအချိန်မှာ မီးလောင်သစ်ငုတ်တိုကို တစ္ဆေလို့ မှတ်ထင်တာက အမှားမှတ်ထင်တာပဲ ဖြစ်ပါတယ်၊ ပြောလာခဲ့တဲ့အတိုင်း အညိုကို အညိုပဲလို့ မှတ်ထင်တာကတော့ အမှန်မှတ်ထင်တာပဲ ဖြစ်ပါတယ်၊ မှားတဲ့တရားတွေကို တရားမှန်လို့မှတ်ထင်ကြရာမှာ ဒိဋ္ဌိသာမက ဒီအမှတ်မှားသညာလဲ ပါဝင်နေပါတယ်။

ဒီအမှားကို အမှန်ထင်နေတဲ့ သညာဟာ အရာကျယ်လှပါတယ်၊ သံသရာမှာ ကြာရှည်စွာ ကျင်လည်နေရခြင်းရဲ့ လက်သည်ဟာ အ၀ိဇ္ဇာနှင့်တဏှာမျှသာ မဟုတ်ပါ၊ ဒီသညာရဲ့ အမှတ်လွဲမှုလဲ တစ်ဝက်တစ်ပျက် ပါဝင်နေပါတယ်။ မစင်ကို လူတွေက စက်ဆုတ်ဖွယ်လို့ အမှန်အတိုင်း မှတ်သားထားကြပါတယ်၊ ခွေး၊ ၀က်တွေက အင်မတန်ကောင်းတဲ့ အစာအာဟာရလို့ မှတ်ထင်ကြပါတယ်၊ အလားတူစွာပဲ ဘုရား၊ ရဟန္တာ တို့က ကာမဂုဏ်အာရုံကို အလွန်စက်ဆုတ်ဖွယ် လို့ အမှန်အတိုင်း မှတ်ထင်တော်မူကြပါတယ်၊ လူအများကတော့ အလွန်ကောင်းတဲ့ အရသာလို့ မှတ်ထင်နေကြပါတယ်၊ ဒါကြောင့်လဲ မရမနေ ရှာဖွေနေကြတာပဲ ဖြစ်ပါတယ်၊ ဒီလို သညာရဲ့ အမှတ်မှားမှုကြောင့် သံသရာမှာ ကြာရှည်စွာ ကျင်လည်နေကြရပါတယ်။

လူများက လှူခဲ့တန်းခဲ့တာကိုလဲ အမှတ်ရတတ်ပါတယ်၊ သီလဆောက်တည်ခဲ့တာကိုလဲ အမှတ်ရတတ်ပါတယ်၊ တရားထိုင်ခဲ့တာကိုလဲ အမှတ်ရတတ်ပါတယ်၊ ဒီလို ကုသိုလ်ဆိုင်ရာကို ပြန်လို့ အမှတ်ရနေရာမှာ သတိသဘောလဲ ပါဝင်ပါတယ်၊ ကောင်းတဲ့ သညာသဘောလဲ ပါဝင်ပါတယ်။

အချို့ကတော့ ငယ်စဉ်က ယုံထောင်၊ ငါးဖမ်း လုပ်ခဲ့တာကိုလဲ အမှတ်ရတတ်ပါတယ်၊ ချစ်သူနဲ့ ချိန်းတွေ့ခဲ့တာကိုလဲ အမှတ်ရတတ်ပါတယ်၊ ရုပ်ရှင်ကြည့်ခဲ့တာကိုလဲ အမှတ်ရတတ်ပါတယ်၊ ပွဲသွားကြည့်တာကိုလဲ အမှတ်ရတတ်ပါတယ်၊ ဒီလို အကုသိုလ်ဆိုင်ရာကို ပြန်လည် အမှတ်ရနေတာမှာတော့ သတိမပါဝင်နိုင်တော့ပါ၊ သတိလို အမှတ်အသား ကောင်းတဲ့ ဒီသညာ သဘောမျှသာ ဖြစ်ပါတော့တယ်။
[စာမျက်နှာ ၁၅ မှ ၁၆]

[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။]

0 comments: