လွန်ခဲ့သောနှစ်ပေါင်း(၃၀)ကျော်က မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေကျေးရွာတွင် တောလိုက်ဝါသနာပါသူ မုဆိုးကျော်ကြီး ဖူးဝါးခိုဟူ၍ရှိလေသည်။ သူသည် သူ၏လက်စွဲတော် ဒူးလေးဖြင့် နေ့စဉ်လိုလိုပင် တောပစ်ထွက်လေ့ရှိပါသည်။ သူသည်တစ်ကိုယ်တော် မုဆိုးဖြစ်၏။ ထို့သို့ အမဲလိုက်သည်သာမက ထောင်ချောက်ဆင်ခြင်းစသော မုဆိုးတို့တတ်အပ်သော ပညာရပ်များကို အတော်စုံလင်စွာ တတ်ထားပါသည်။ တောပစ်၍ သားကောင်၊ ငှက် စသည်မရလျှင်တောင်မှ အနည်းဆုံးတစ်ကောင်၊ နှစ်ကောင် လိုလိုတော့ရစမြဲပင်။ ထောင်ချောက်မှလည်း ဂျီ၊ ဆတ် တို့သုံးရက်တစ်ခါ လေးရက်တစ်ခါ ရတတ်ပြန်သေး၏။ ရလာသော ဟင်းလျာများကို မိသားစုစားလောက်ရုံ ချန်ထား၍ ကျန်သောအသားတို့ကိုမူကား ဆန်ဖြင့်လည်းကောင်း၊ ဟင်းသီးဟင်းရွက်ဖြင့်လည်ကောင်း လဲလှယ်၍စားသောက်ကြပါသည်။
လဲလှယ်ခြင်းဆိုသည်မှာ ထိုစဉ်က ကျွန်ုပ်တို့ရွာသည် အိမ်ခြေနည်းသေးသည်ဖြစ်၍ ရောင်းခြင်း၊ ၀ယ်ခြင်းမျိုး မထွန်းကားသေးချေ။ ယခုမှာမူကား ကျွန်ုပ်တို့ရှာသည် မ၀ယ်ပါက လိုချင်သော ပစ္စည်းများမရသည်က များလာပြီဖြစ်သည်။ မုဆိုးကျော်ကြီး ဖူးဝါးခိုသည် တစ်နေ့တွင် တောထဲလည်ရင်း အောက်ချင်းငှက်နှစ်ကောင်နှင့် တိုးလေသည်။ အောက်ချင်းငှက်နှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် နေပူစာလှုံရင်း နှုတ်သီးဖြင့် ဆော့မြူးကစားလျက်ရှိပါသည်။ ထိုမျှ သင်္ခါရ ရသမြောက်သော ပန်းချီကားတစ်ချပ်ပမာ လှပသောရှုမျှော်ခင်းကို ဖူးဝါးခိုမခံစားတတ်ချေ။ မုဆိုးစိတ်သာကြီးစိုးနေသည်။ သူသည် လေးနှင့်မြှားကိုတင်၏။ ရွယ်၏။ ထို့နောက် "ထပ်" ဟူသော သေမင်းတမန်မြှားနှင့်အတူ အောက်ချင်းငှက်သည် "ဘုတ်" ကနဲ့မြေပေါ်သို့ ကျသွားပါတော့သည်။ ကျန်တစ်ကောင်မှာ မြားဒဏ်ထိမှန်သောအဖေါ် မြေပေါ်သို့မရောက်မီ အချိန်လေးမှာပင် သစ်ကိုင်းမှ လန့်ကာထွက်သွားပါတော့သည်။
နောက်တစ်နေ့.........နှင်းထုများမကွဲသေးချိန် ဝေလီဝေလင်းမှာပင် ဖူးဝါးခို၏ အိမ်နားက ကုက္ကိုပင်ကြီးတွင် အောက်ချင်းငှက်များသည် နှစ်ကောင်တစ်တွဲ၊ နှစ်ကောင်တစ်တွဲနှုန်းဖြင့် အဆက်မပြတ် ပျံသန်းလာခဲ့ကြသည်။ အစကမူ မည်သူမျှ သတိမထားမိသော်လည်း အောက်ချင်းငှက်တို့၏ အော်သံတို့ကြောင့် အိမ်နီးချင်းတို့ကပါ တွေ့မြင်ကြလေသည်။ နေထန်းတစ်ဖျားတက်ချိန်မှာ ကုက္ကိုပင်ကို မမြင်ရတော့ဘဲ အောက်ချင်းငှက်တို့သာ ထင်းလင်းစွာမြင်ရပါတော့သည်။
သို့သော် အောက်ချင်းငှက်များမှာ ၂မိနှစ်၊ ၃မိနှစ်၊တစ်တွဲနှုန်းမြင့် လာကြမစဲ တသဲသဲပင် အလာကျဲပြီဖြစ်၍ ကုန်လုနီးပါးဖြစ်မည်ထင်၏။ ငှက်တို့သည် သူတို့အဖေါ်ကို စောင့်နေသည်အလား နေပူစာလှုံရင်း ဘာသာဘာဝ အော်မည်ကြသည်။ ရွာသားတို့မှာ ထူးဆန်းသောငှက်အုပ်ကြီးကို မတွေ့စဖူး တွေ့ရသောကြောင့် နေပူစာလှုံရင်းအမျိုးမျိုးအမည်မည် ပြောဆိုကြလေ၏။ သူတို့အုပ်စုသည် ငှက်တို့၏လာရာလမ်းကြောင်းကို ရှုမျှော်ရင်း အတွဲတစ်စုံ၏ နောက်ကွယ်မှာကား လေးကန်စွာပျံသန်းရင်း အဖေါ်များရှိရာသစ်ပင်သို့ လာနေသောငှက်တစ်ကောင်ကို တွေ့မြင်ရပါတော့သည်။ အဖော်မဲ့သော ဤငှက်သည် ဖူးဝါးခို၏ လက်ချက်ကြောင့် သူ၏ကြင်ဖော်သက်လျာ ပျက်စီးသွားခြင်းပင် ဖြစ်တန်ရာ၏။ အကြောင်းမှာ အခြားသောငှက်တို့တွင် အတွဲများမှာ နှစ်ကောင်စီ ဖြစ်သော်လည်း ဤငှက်မှာကားတစ်ကောင်တည်းပင် ဖြစ်သောကြောင့်တည်း။ ငှက်တို့သည် အခြားငှက်များနှင့်မရော အောက်ချင်းငှက်ချည်း သက်သက်ပင်ဖြစ်သည်။
ကုက္ကိုပင်အပြည့် ငှက်များစုံပြီးသောအခါ နာရီဝက်ခန့်နေကြပြီး နှစ်ကောင်တစ်တွဲဖြင့် တန်းစီပျံထွက်ကြပါတော့သည်။ ပျံသန်းထွက်ခွါချိန်မှာ အတော်ပင်ကြာ၏။ ရွာသားတို့ကလည်း စိတ်ဝင်တစားပင် ကြည့်ရှုကြပါသည်။ နှစ်ကောင်တစ်တွဲနှုန်းဖြင့် ပျံသန်းကြရင်း နောက်ဆုံးမှာ တစ်ကောင်တည်းသာ ကျန်တော့သည်။ ထိုတစ်ကောင်သည် အဖော်များခပ်ဝေးဝေး ရောက်သွားသောအခါမှသာ ဖူးဝါးခို၏အိမ်ကို လှမ်းမျှော်ကြည့်ရင်း လေးကန်သောအတောင်ပန်ကိုဖြန့်ကာ နှစ်ချက်၊ သုံးချက်ခတ်ရင်း အရှိန်ဖြင့် လူတို့ကြည့်နေဆဲမှာပင် မြေပြင်တလင်းသို့ ထိုးစိုက်ကြကာ အသက်ပျောက်သွားပါတော့သည်။
ဤဖြစ်ရပ်ကိုမြင်ရသော ဖူးဝါးခိုနှင့် ရွာသားများသည် စုတ်တသပ်သပ်နှင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိကြပါတော့သည်။ အောက်ချင်းငှက်သည် တိရစ္ဆာန်များသာဖြစ်၏။ သို့ပင်ငြား ကြင်ဖော်အပေါ် လွန်စွာသစ္စာရှိ၏။ လူအချို့မှာ မိမိတို့၏ကြင်ဖော်အပေါ် သစ္စာထားရာ၌ အောက်ချင်းငှက်ကိုမမီကြချေ။ သြော်....သေအတူ၊ ရှင်မကွာ ဟူသောစကားသည် အောက်ချင်းငှက်တို့၏ သစ္စာမျိုးပါတကားဟူ၍သာ......။
0 comments:
Post a Comment