ရှေးအခါက တောင်ခြေနား တောရွာတစ်ရွာတွင် ကရင့်အခေါ် (ဖေါဟ်ဃွှဲ) ဖိုးဟွဲ မိဘမဲ့လုလင်ငယ် တစ်ဦးရှိလေသည်။ ဖိုးဟွဲသည် မှိခိုအားထားရသော ဆွေမျိုးညာတိမရှိ၍ တောင်ခြေတွင် တဲကလေး ဆောက်လုပ်ပြီး ဆင်းရဲပင်ပန်းစွာ တောင်ယာခုတ်စားလေသည်။ ဖိုးဟွဲသည် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်၍ ရွာသားတို့က ပေါင်းသင်းဆက်ဆံခြင်း မပြုကြချေ။ သူသည် အထီးကျန် ဆင်းရဲသိမ်ငယ်စွာ နေထိုင်ရရှာလေသည်။
ဖိုးဟွဲသည် ဆင်းရဲသော်လည်း သစ္စာရှိခြင်း၊ တစ်ဖက်သားအပေါ် စိတ်စေတနာကောင်းထားခြင်း၊ ကူညီတတ်သော လူမှုရေးသိတတ်သူဖြစ်သည်။ သို့သော် ရွာသူရွာသားတို့က ဖိုးဟွဲကို မေတ္တာစေတနာ သနားငဲ့ညှာခြင်း မရှိကြချေ။ အမြဲပင်ဝိုင်း၍ နှိမ်ထားကြသည်။
တောင်ပေါ်မြေကွက်များတွင် မြေကောင်းကိုတောင်ယာခုတ်ရန် ဖိုးဟွဲက ရှာဖွေရွေးချယ်ထားလေသည်။ ဖိုးဟွဲက သူရွေးချယ်ထားသော တောင်ယာကွက်ဖြစ်ကြာင်း အမှတ်အသားသဘောဖြင့် သစ်ပင်တစ်ပင်တွင် အခေါက်ကို အနည်းငယ်ခုတ်ယူပြီး သစ်စတစ်စကိုသွင်း၍ စိုက်ထောင်လိုက်သည်။ သို့သော် ဖိုးဟွဲ အမှတ်အသားကို မည်သူမျှအရေးမစိုက် အသိအမှတ်မပြုကြချေ။ မြေနေရာကောင်းခြင်းကို အတင်းဝင်၍ တောင်ယာခုတ်ယူကြသဖြင့် အနိုင်ကျင့်ခံရသော ဖိုးဟွဲသည်နေရာသစ်ကို ရှာယူရပြန်သည်။
(မှတ်ချက်။ ။ရှေးကရင်လူမျိုးတို့က တစ်ဦးနှင့်တစ်ဦး သစ္စာရှိကြသည်။ တောင်ယာခုတ်ရန် မြေနေရာကို အကျယ်အ၀န်းလိုက်ပြီး လူအများမြင်နိုင်သော နေရာတွင် သစ်ပင်တစ်ပင်ကို အနည်းငယ်ခုတ်ခွဲယူ၍ သစ်စတစ်စ သို့မဟုတ် ၀ါးစတစ်စကို သွင်းစိုက်ထားလိုက်သည်။ ထိုအမှတ်အသားကို တွေ့ရှိသူတို့က တစ်ဦးတစ်ယောက်က ရွေးချယ်ထားပြီဖြစ်၍ တောင်ယာဝင်မခုတ်ဘဲ အမှတ်အသားပြုထားခြင်း မရှိသေးသော မြေကိုရှာယူကြသည်။ ထို့အတူ သစ်ပင်တစ်ပင်ပေါ်တွင် ပျားအုံတစ်အုံ တွေ့ရှိပါက ထိုသစ်ပင်ကိုခုတ်ထစ်၍ အမှတ်အသားပြုလိုက်သည်။ ထိုပျားအုံကို နောက်ထပ်တွေ့ရှိသူက ပိုင်ရှင်ရှိထားပြီး အမှတ်မသားကိုကြည့်၍ ပျားမဖွတ်တော့ဘဲ ရှောင်ထွက်သွားကြသည်။ ဆိုလိုသည်မှာ တစ်ဦးနှင့်တစ်ဦး သစ္စာရှိခြင်းဖြစ်သည်။)
ဖိုးဟွဲသည် တစ်ကောင်ကြွက် အားငယ်သူဖြစ်၍ တောင်ယာခုတ်ရန် နေရာကောင်းကို လိုက်ရှာရပြန်လေသည်။ ကျောက်တုံးကျေက်ခဲနည်း၍ မြေသားကောင်းမွန်သော နေရာတိုင်း ရွာသားတို့က သူတို့သတ်မှတ်ထားပြီးသော နေရာဖြစ်ကြောင်း ဖိုးဟွဲကို နှင်ထုတ်ကြပြန်သည်။ နောက်ဆုံး ဖိုးဟွဲသည် မည်သူမျှ မလုပ်လိုသော ကျောက်တောင်ကျောက်ခဲပေါသည့် တောင်စောင်းတစ်နေရာတွင် ခဲယဉ်းပင်ပန်းစွာ ခုတ်ယူလုပ်ကိုင်ရရှာလေသည်။
တောင်ယာစပါးများမှည့်၍ ရိတ်ချိန်ကျသော နေ့တစ်နေ့နံနက်တွင် ရွာသူရွာသားများ သွားလာရာ တောင်စောင်းတစ်နေရာ ကြခတ်ဝါးရုံပေါ်တွင် အဘွားအိုတစ်ဦး ညည်းညူအော်ငို၍နေသည်ကို တွေ့ရှိကြသည်။ အဘွားအိုက မိမိတောင်ပေါ်က လိမ့်ကျ၍ ၀ါးရုံပေါ်တင်နေပြီး ဆင်း၍မရတော့သဖြင့် ကယ်ဆယ်ကြပါရန် အကူအညီ ရလိုရငြား တောင်းပန်အော်ဟစ်လျက် ရှိလေသည်။
အဘွားအိုက မည်သို့ပင် အကူအညီတောင်းခံသော်လည်း ရွာသားတို့က တစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်း မပြုကြချေ။ အသက်အရွယ်အိုကြီးရင့်မနှင့် တောင်ပေါ်တက်တော့ ချော်ကျမှာပေါ့။ ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့အဘွား ကြခတ်ရုံပေါ်မှာဘဲ နေပါတော့။ စပါးရိတ်ရန် အရေးကြီးနေ၍ နေမပူခင်သွားရမည် အဘွားကိုကယ်၍ အချိန်မရပါဆိုကာ ပြောဆိုပြီး ရှောင်ထွက်သွားကြကုန်သည်။
ထိုနေရာသို့ ဖိုးဟွဲ ရောက်လာသောအခါ အဘွားအိုက အထက်နည်းအတိုင်း အော်ဟစ်ငိုယိုပြီး အကူအညီတောင်းပြန်လေသည်။ တစ်ဖက်သားအပေါ် စိတ်ထားစေတနာကောင်းသော ဖိုးဟွဲသည် အဘွားအိုကို ကယ်တင်ရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။ နှုတ်မှလည်း အားမငယ်နှင့်အဘွား ကျွန်တော်အဘွားကို ကယ်ပါ့မယ်။ ခဏစောင့်နေပါဟူ၍ နှစ်သိမ့်စကား ဆိုလေသည်။ ထို့နောက် ဖိုးဟွဲသည် ၀ါးနှစ်ချောင်းကိုခုတ်ယူပြီး နွယ်များဖြင့် မောင်းတက်လှေကားဖြစ်အောင် ချည်နှောင်ပြုလုပ်ယူသည်။ မောင်းတက်လှေကားပြုလုပ်ပြီး ၀ါးရုံပေါ်ထောင်၍ ဒုက္ခရောက်နေသော အဘွားအိုအား မိမိတွင်ရှိသော စောင်စုတ်ဟောင်းတစ်ထည်ဖြင့် ခဲရာခဲဆစ် သည်ပိုးဆောင်ယူခဲ့လေသည်။
မြေပေါ်သို့ရောက်သောအခါ အဘွားအိုသည် ၀ါးကိုင်း၊ ၀ါးမြစ်များ ထိခိုက်ရှထား၍ သွေးများတစ်ကိုယ်လုံး စွန်းပေနေသည်ကို တွေ့ရပြီး ဖိုးဟွဲက အလွန်သနားသွားလေသည်။ ဖိုးဟွဲက အဘွားဘယ်ကိုသွားဖို့ရှိသလဲ ကျွန်တော်ရောက်အောင် ပို့ပေးမည်ပြောရာ အဘွားအိုက ငါ့မြေးရယ် အဘွားက တောင်အရပ်ကလာပါတယ်။ သားသမီးဆို တစ်ယောက်မျှမရှိဘူး။ မှီခိုအားထားရမည့် ဆွေမျိုးသားချင်းလည်း တစ်ဦးမျှမရှိပါဘူး ဟူ၍ပြန်ပြောလေသည်။ ထိုအခါ ဖိုးဟွဲသည် မိမိလိုပင် တစ်ကောင်ကြွက် ဒုက္ခသည်ဖြစ်နေ၍ ကြီးစွာဂရုဏာသက်သွားပြီး မိမိနှင့်အတူတကွ နေထိုင်ရန် မိမိလုပ်ကိုင်ကျွေးမွေးပါမည်ဟု ပြောဆိုကာ မိမိတဲကုပ်သို့ ခေါ်ဆောင်လာလေသည်။ အဘွားအို၏ ဒဏ်ရာများကိုလည်း ဆေးကြော၍ နနွင်းထုံးတို့ဖြင့်ပြီးသော ဆေးကိုလိမ်းပေးလေသည်။ ထိုနေ့မှစ၍ တောင်ယာမသွားတော့ဘဲ ထမင်းဟင်းချက်ပြုတ်၍ အဘွားအိုကို ကျွေးမွေးပြုစုလေသည်။ သုံးရက်ခန့်ကြာသွားသောအခါ အဘွားအိုဒဏ်ရာ ပျောက်ကင်းလေသည်။ ထိုအခါ အဘွားအိုက ငါ့မြေး တောင်ပေါ်တက်၍ စပါးများ ရိတ်သိမ်းပေတော့ အဘွားအိမ်စောင့်မည် ဟူ၍ ပြောဆိုကာ ဖိုးဟွဲတစ်ယောက် နောက်တစ်နေ့တွင် တောင်ယာသွားလေသည်။
ညနေစောင်း၍ ဖိုးဟွဲ အိမ်ပြန်ရောက်သောအခါ အဘွားအိုက ထမင်းဟင်းများ ချက်ပြုတ်ထားသည်ကို တွေ့ရလေသည်။ ရေထည့်သော ၀ါးကျည်တောက်များကိုလည်း ရေအပြည့်နှင့် ရှိနေသည်ကို တွေ့ရသည်။ ဖိုးဟွဲ စိတ်မကောင်းတော့ချေ။ ဖိုးဟွဲက အဘွားအလုပ်မလုပ်ပါနှင့်၊ ကျွန်တော်စောစောပြန်လာပြီး ထမင်းဟင်းချက် ရေခပ်ပါမည် ပြောသော်လည်း နေ့တိုင်းပင် အဘွားအိုက အိမ်မှုကိစ္စများအဆင်သင့် လုပ်ကိုင်ထားသည်ကို တွေ့ရလေသည်။
ကာလအတန်ကြာသော ဖိုးဟွဲသည် စပါးရိတ်သိမ်းပြီးလေသည်။ အိမ်အနီးတွင် တလင်းတစ်ခုပြုလုပ်ကာ ကောက်လှိုင်းများကို စုပုံလေသည်။ ဖိုးဟွဲကောက်လှိုင်းသည် အရေအတွက်အားဖြင့် များများစားစားမဟုတ်ရာ ကောက်လှိုင်းများကို တက်နင်းပြီး စပါးခြွေလေသည်။ အဘွားအိုသည် ဖိုးဟွဲစပါးခြွေရာ တလင်းသို့ဆင်းပြီး ကောက်လှိုင်းပုံပေါ်တက်၍ စပါးခြွေချလေသည်။ နှုတ်ဖျားကလည်း ငါ့မြေးစပါးများ သုံးဆမက တိုးပွားပါစေ။ လူတကာတွေထက် စပါးအရများပါစေ။ စားသုံးတဲ့အခါမှာလည်း တာရှည်ခံပါစေဟူ၍ ရွတ်ဆိုဆုတောင်း ပတ္ထနာပြုပြီး အိမ်ပေါ်သို့ ပြန်တက်လေသည်။ ထိုနေ့တစ်နေ့လုံး ဖိုးဟွဲသည် မိမိစပါးကို ခြွေချ၍မကုန်နိုင်ဖြစ်နေသည်။ ဖိုးဟွဲအဖို့ ထူးဆန်းနေသည်။
ပို၍ထူးဆန်းလာသည်မှာ စပါးများကို ဖိုးဟွဲအိမ်ရှိ တင်းသုံးဆယ်ခန့် ထည့်၍ဆန့်သော စပါးပုပ်တွင် ထည့်သွင်း၍ ပြည့်လျှံနေပြီးဖြစ်သော်လည်း တလင်းရှိစပါးများမှာ မိမိခြွေချခဲ့သည့်အတိုင်း မလျော့ဘဲ ရှိနေသည်ကို တွေ့ရလေသည်။ ဖိုးဟွဲသည် ကျန်သောစပါးကို နောက်ထပ်ဖြည့်ထည့်ရန် ပုတ်နှစ်လုံးကိုရက်ယူလေသည်။ နောက်ထပ် ပုတ်နှစ်လုံးကိုထည့်၍ ပြည့်ပြီးရှိသော်လည်း စပါးမှာမလျော့သေးချေ။ ထိုအခါ အဘွားအိုက ဒီလောက်စပါးနှင်ွှ ဒို့မြေးအဘွား စားလို့လောက်ပါပြီး။ အိမ်အတွက် အခြားရိက္ခာနှင့် အ၀တ်အစားဖိုးရအောင် ရောင်းချလိုက်ပါ ပြောလေရာ ဖိုးဟွဲက အဘွားအိုစကားအတိုင်း ရောင်းချလိုက်ရာ စပါးများမှာ ကုန်သွားလေသည်။
ဖိုးဟွဲတစ်ယောက် ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး သပ်သပ်ရပ်ရပ် အိမ်တစ်ဆောင်ကို ဆောက်လုပ်လေသည်။ အဘွားအို၏ ၀တ်ကြီးဝတ်ငယ်ကိုလည်း မပြတ်လုပ်ကျွေးပြုစုလေသည်။ တစ်နေ့တွင် အဘွားအိုက ငါ့မြေးပင်ပန်းလှပြီး အိမ်ထောင်ပြုပါတော့ဟူ၍ တိုက်တွန်းလေသည်။ ထိုသို့ပြောပြီး နောက်တစ်နေ့ ဖိုးဟွဲ တောင်ယာသွား၍ အိမ်ပြန်ရောက်သောအခါ အဘွားအိုက ချောမောလှပသော အရွယ်တင့်တယ်သော အမျိုးသမီးပျိုတစ်ဦးကို အိမ်သို့ခေါ်ဆောင်လာပြီး ဖိုးဟွဲနှင့် လက်ထပ်ပေးလိုက်သည်။
ဖိုးဟွဲသည် ဇနီးတစ်ယောက်ရလာ၍ လင်မယားနှစ်ဦးစလုံး တောင်ယာခုတ်၍ လုပ်ကိုင်ရာ ထိုနှစ်တွင် မျိုးတစ်တင်းကျော် စိုက်ပျိုးနိုင်လေသည်။ စပါးများလည်း အခြားသော ရွာသားတို့ထက် သုံးဆကျော် ထွက်ရှိလေသည်။ စပါးများကို စားသောက်မှုလုံလောက်၍ ရောင်းချနိုင်သည့်အပြင် ဆင်းရဲသားများကိုပေးကမ်း၍ သက်ကြီးရွယ်အိုများကိုလည်း လှူဒါန်းနိုင်လေသည်။ ရွာသူရွာသားတို့က ဖိုးဟွဲကို ရှေးကအတိုင်း မဆက်ဆံတော့ဘဲ လေးစားလာကြကုန်သတည်း။
ထိုမှစ၍ ဖိုးဟွဲသည် စပါးနယ်ချိန်ရောက်တိုင်း အဘွားအိုက စပါးကောက်လှိုင်းပေါ် တက်နင်းပြီး ဆုတောင်းပေးလေသည်။ ဖိုးဟွဲစပါးများမှာ အံ့သြလောက်အောင် အထွက်တိုးလေသည်။ ထို့နောက်တွင် ဖိုးဟွဲမှာ တဖြည်းဖြည်း ချမ်းသာလာပြီး အိမ်ကြီးအိမ်ကောင်းကို ဆောက်လုပ်နေနိုင်လေသည်။ ရွာသူရွာသားများကိုလည်း စပါးများကိုပေးကမ်းခွဲဝေ၍ ရွာသူရွာသားတို့ကလည်း ဖိုးဟွဲ တောင်ယာကို ၀ိုင်းဝန်းလုပ်ကိုင်ပေးလာကြကုန်သည်။
တစ်နေ့တွင် အဘွားအိုက ဖိုးဟွဲတို့ လင်မယားကို အနားသို့ခေါ်ယူပြီး ဤသို့ဆိုလေသည်။ ငါ့မြေးတို့ အဘွားဟာ သင်တို့နှင့် ခွဲခွာပြီး နေရင်းရပ်ထံ နတ်ဗိမာန်သို့ ပြန်တော့မည်။ အဘွားဟာ စင်စစ်လူသားမဟုတ်ပါ။ (ဖီ့ဗူးယော်) စပါးကို စောင့်ရှောက်ရသော နတ်ဖြစ်တယ်။ စိတ်ထားမွန်မြတ် နှလုံးလှတဲ့ ငါ့မြေးကို ချီးမြှင့်မစဖို့ လာရောက်ခြင်းဖြစ်သည်။ ယခုအခါ ငါ့မြေးလည်း စားနိုင်သောက်နိုင် ကြီးပွားတိုးတက်၍ ရှိနေပြီး ဖြစ်တဲ့အတွက် သားမယားတို့နှင့် အေးချမ်းစွာ နေထိုင်စားသောက်ပါတော့ အဘွားပြန်တော့မယ်။
ထိုအခါ ဖိုးဟွဲက စိတ်နှလုံးမသာမယာဖြစ်ပြီး အဘွားအိုမပြန်ရန် အမျိုးမျိုးတောင်းပန်လေသည်။ တစ်သက်လုံး လုပ်ကျွေးပါမည်ဟူ၍လည်း ကတိပြုလေသည်။ အဘွားအို ဖီ့ဗူးယော်က အဘွားပြန်ရမည်ငါ့မြေး အချိန်ကျနေပြီး လူသားတို့ပြည် လူသားတို့ရွာမှာ အစဉ်နေ၍မရပါဟူ၍ ပြန်ပြောလေသည်။
ဖိုးဟွဲက တောင်းပန်၍ မရသည့်အဆုံးတွင် ကျွန်တော်ကြီးပွားတိုးတက်လာတာ အဘွားရဲ့ဂုဏ်ကျေးဇူးတွေ ဖြစ်ပါ၏။ ကျွန်တော်တစ်သက်လုံး အဘွားမရှိလျှင် စိတ်မချမ်းမသာ လွမ်းဆွေးရပါလိမ့်မည်။ ဒါကြောင့် တစ်နှစ်တစ်ခေါက်တော့ ရောက်အောင်ပြန်လာပါလား အဘွားရယ်။ ဖိုးဟွဲက ငိုယို၍ တောင်းပန်ပြန်လေသည်။
ထိုအခါ အဘွားအိုက ငါ့မြေး အဘွားကို ပြန်လာစေချင်တယ်ဆိုရင် (ဖီ့ဗူးယော်) ပြန်ကြွလာပါဟု တောင့်တလိုက်ပါ။ အဘွားရောက်အောင် ပြန်လာခဲ့ပါမည်။ တောင်ယာလုပ်ငန်းပြီးတဲ့အချိန် စပါးနယ်တဲ့အခါ၊ ပုံတဲ့အခါမှာ ၀ါးတိုင်ထိပ်မှာ ဆန် ၊ကောက်ညှင်း၊ ပန်းများ နွယ်များ တွဲလျက် ချိတ်ထားပြီးတော့ အဘွားကိုပင့်ဖိတ်လိုက်ပါ။ အဘွားရောက်အောင် ပြန်ခဲ့ပါမည်။ ငါ့မြေးတို့၏ စပါးများကို ဖျက်ဆီးမည့် သတ္တ၀ါများကို ဖယ်ရှားပေးဖို့အတွက် စောင့်ရှောက်ဖို့ ကိုယ်စားတွေ စေလွှတ်ပေးပါမည်ဟူ၍ ဖိုးဟွဲကို မှာကြားလေသည်။
ဖိုးဟွဲတို့ လင်မယားသည် ပြန်ကြွခါနီး ဖီ့ဗူးယောက်ကို လက်အုပ်ချီကန်တော့၍ ဤသို့မှာကြားလေသည်။ (ထါင်ဍးဏ်ုဝေ့ အေဟှေဝ်ဃှဝ်၊္ဘးအ်ုခါ့ ဟှယ့်ထါင်ထံင်ဍ၀်၊္ဘိုဝ်ဏါင်းယိုဝ် ယ်ုလ်ုမေါဝ်ၟယှဝ်၊ ဟှယ့်ထါင်အေထံင် ဖီ့္ဘူးယ၀်)။ နတ်ဘုံနတ်နန်း ပြန်တော့မည့်အဘွား ကောင်းမွန်စွာ မြန်းကြွပါလေ။ အချိန်ကျလျှင်ဖြင့် (စပါးနယ်ချိန်၊ သိမ်းချိန်) ပြန်လည်ကြွမြန်းပါရန် ယခုကတည်း ပင့်လျှောက်အပ်ပါ၏။ (ထါင်သာ့ဏ်ုဝေ့ ဖီ့္ဘူးယ၀်၊ အ်ုခါ့္ဘး ဟှယ့်ထါင်ဍ၀်ဃှဝ်၊ သိင်းထိုဝ်အေသိုင့် ထင်းခိုတ်ဍ၀်၊ ထေါဟ်လဲုၟကိုဝ် ဟှိုင့်စိုဝ်လာၟဃှဝ့်)။ ပြန်ပါလေဦး အဘွားဖီ့ဗူးယော် အချိန်ကျလို့ စပါးရိတ်သိမ်းချိန် ကျတဲ့အခါမှာတော့ ပြန်လည်ကြွမြန်းခဲ့ပါဦး။ တောင်ယာတွေကို မီးရှို့လို့ သစ်ငုတ်တိုများ မီးလောင်လို့ မဲညိုလာတဲ့အခါ ချိုးကူသံကြားလျှင် တောင်ယာစပါး စူးထိုးနေကြောင်း သိနိုင်ပါတယ် အဘွားရယ်။ (ဆ်ုယ၀်ထင်းသင့်္ဘူးလးဃှာင့်၊ ယူၟသာဍေၟ ဖီ့္ဘူးယ၀်ထါင်၊ အ်ုခါ့္ဘးဏိင်းဍ၀် ဟှယ့်ထါင်၊ ဟှယ့်ထါင်အင်း မေ၀်ခေါဝ်ၟမေ၀်အာင်)။ နွေဦးပေါက်၍ စပါးပင်ရွက်များ ရင့်ရော်ချိန်မှာ အဘွားဖီ့ဗူးယော်ကို လွမ်းဆွတ်တသ သတိရမိနေပါတယ်။ စပါးရိတ်သိမ်းချိန် ကျတဲ့အခါမှာ အဘွားပြန်ကြွလာပြီး ကောက်သစ်ထမင်း ကောက်ဦးကောက်ညှင်းကို စားသောက်ဖို့ ပြန်ကြွခဲ့ပါအဘွား။
ဖိုးဟွဲတို့လင်မယားက ထိုသို့ အဘွားဖီ့ဗူးယော်ကို တောင်းပန်မှာကြားပြီးနောက် အဘွားဖီ့ဗူးယော်သည် နတ်ဘုံနတ်နန်းသို့ ပြန်၍ ကြွမြန်းသွားလေသည်။
ထိုမှစ၍ ဖိုးဟွဲသည် တောင်ယာလုပ်ကိုင်၍ တလင်းသို့ စပါးစုပုံချိန်တွင် ဖီ့ဗူးယော် မှာကြားခဲ့သည့်အတိုင်း ဖီ့ဗူးယော်ကို ပင့်ဖိတ်သော အထိမ်းအမှတ်ဖြင့် ဆန်ကောက်ညှင်း၊ ကြက်မောက်ပန်း၊ ဍရင်ကောက်နွယ်များကို ၀ါးတိုင်တွင် ထွဲချည်နှောင်ပြီး ၀ါးကိုင်းကိုခုတ်၍ ပင့်ဖိတ်လေသည်။ ဖိုးဟွဲတို့လင်မယား ပြုလုပ်သည့်အတိုင်း ရွာသူရွားအားလုံးတို့က လိုက်၍လုပ်ကြလေသည်။ အဘွားဖီ့ဗူးယော်ကလည်း နှစ်စဉ်နှစ်တိုင်း ရောက်လာပြီး စပါးအထွက်တိုးအောင် ဆောင်ရွက်ကြောင်း ယုံကြည်ကြသည်ဟူ၍ ပုံပြင်ကဆိုလေသည်။
(The Loyal Karens Of Burma စာအုပ်မှ Donald Mackenzie Smeaton ရေးသားထားသော Pee Bee Yaw ( The Goddess of the Harvest) ဖီ့ဘီးယော် (စပါးစောင့်နတ်) ပုံပြင်သည် တင်ပြထားသောပုံပြင်နှင့်မတူပေ။ အချိန်ရလျှင် ဘာသာပြန်ပြီး တင်ပြပေးပါမည်။)

0 comments:
Post a Comment