တစ်ခါက တံငါသည်တစ်ဦးသည် ငါးသုံးကောင်ဖမ်းမိပြီး လှေဝမ်းထဲ၌ ချထားသည်။ ပထမငါးတစ်ကောင်သည် ၀ီရိယသမားဖြစ်၍ လှေဝမ်းထဲကလွတ်အောင် အဆက်မပြတ် ထခုန်နေရာ တံငါသည်က စိတ်မရှည်ပဲ လှော်တက်နှင့် ရိုက်သဖြင့် သေဆုံးသွား၏။ ဒုတိယငါးကမှု ဉာဏ်သမားဖြစ်၍ ပထမငါးလို အရမ်းထမခုန်။ လေလူး၍ တစ်ဖက်သို့ စောင်းသွားသည့်အချိန်တွင်မှ ရေထဲရောက်အောင် အားစိုက်ခုန်သဖြင့် လွတ်မြောက်သွား၏။ တတိယငါးက ကံသမားဖြစ်၍ ကံကောင်းလျှင်လွတ်မည်ဟု သည်အတိုင်းငြိမ်ပြီးစောင့်နေရာ တံငါသည် အိမ်အထိပါသွားပြီး တံငါသည်မယားက ခေါင်းကိုအလေးနှင့် ထုသတ်သောအခါမှ သေလေ၏ဟူ၍ဖြစ်သည်။
သည်ပုံပြင်ကိုကြည့်လျှင် ပထမငါးသည် ၀ီရိယရှိသော်လည်း စိတ်မရှည်။ သည်းခံစောင်းဆိုင်းတတ်ခြင်းမရှိ၊ အချိန်အခါကောင်းကိုမသိ၊ ထို့ကြောင့်မအောင်မြင်။ ဒုတိယငါးကား သည်းခံစိတ်ရှိသည်၊ အခွင့်အခါကောင်းကိုစောင့်ပြီး အံဝင်ခွင်ကျ လုပ်ကိုင်တတ်သည်။ ထို့ကြောင့် အောင်မြင်သည်ဟူ၍ သုံးသပ်ရမည်ဖြစ်သည်။ (တတိယငါးကားထည့်သွင်းစဉ်းစားရန်မလိုပေ)။
အလုပ်တစ်ခုကို သင့်လျော်သော အချိန်အခါ မကျရောက်မီ လုပ်မိပါက လုပ်ငန်းမအောင်မြင်ရုံမက ပြန်လည်ပြင်ဆင်၍ မရအောင်ပင် ပျက်စီးသွားတတ်သည်။ စိတ်ရှည်ဖို့ (၀ါ) သည်းခံစောင့်ဆိုင်းတတ်ဖို့ ဖြစ်သည်။
0 comments:
Post a Comment