ကျား,မ မဟူ
တန်းတူရည်တူ အခွင့်တူဖြင့်
လူမှုအဆင့် လွတ်လပ်ခွင့်သည်
သင့်မှာ ငါ့မှာ ရှိပါ၏။
လိင်ခွဲမှုကား မတရားဟု
နားလည်ယုံကြည် ငါတို့ပြည်ဝယ်
ဒို့သည် တိုးတက်နေပါ၏။
မီးဖိုချောင်ဝယ်
ပိတ်လှောင်မခံလိုကြပြီ။
ယုံကြည်ချက်နှင့် လွတ်လပ်ခွင့်သည်
ရသင့်ရထိုက်ပါသတည်း။
မှန်တင်ခုံဝယ်
ချိန်ကုန်မခံလိုကြပြီ။
ကိုယ်စီကိုယ်ငှ ကိုယ့်စွမ်းစဖြင့်
ပြင်ပကိုထွက်၊ စွမ်းဆောင်ချက်သာ
တိုးတက်နေသော ဒို့အလှ။
ပုခက်နားဝယ်
တန့်စားမနေလိုကြပြီ။
မှန်သည် သို့သော်
တွေးခေါ်စရာ ရှိနေပါ၏။
"လူမှုအဆင့် လွတ်လပ်ခွင့်ကို
မြင့်သည်ဆိုထား တိုင်းတစ်ပါးမှာ
သားသမီးငယ် နုပျိုရွယ်တို့
ကိုးဆယ်ရာနှုန်း လမ်းဆုံးတေပေ
သစ်ရွက်ကြွေလို
လေလွင့်ပျက်စီး နေကြောင်းများ"
အဖြေရှာမူ မိန်းမသူတို့
ကြာဖြူနုညက် မေတ္တာလက်ဖြင့်
ပုခက်ကြိုးကိုင် ထိန်းနိုင်သိမ်းနိုင်
မလွှဲပိုင်ခြင်း၊ လျော့ရဲခြင်းသာ
ကြောင်းရင်းအမှန် တရားခံဟု
ဝန်ခံဖြောင့်ဆိုရပေမည်။
အမိမဲ့သား ရေနည်းငါးတည်း
အမိနှင့်ကွာ နေထိကြာတည့်။
သားနှင့်အမေ ကြာနှင့်ရေသည်
မကွေမကွာ စကောင်းပါ။
နံ့သာသွေးလက် ပန်းသီလက်တို့
ပုခက်လွှဲကြရမည်ပင်။
ကလောင်ကိုင်လက် ချွေးစွန်းလက်တို့
ပုခက်လွှဲကြရမည်ပင်။
ရာဇ၀င်ခေတ် ပြောင်းလဲသစ်စေ
ဒို့တစ်တွေသည် အခြေခံကြောင်း
မလွှဲကောင်းသည့် သားကောင်းမိခင်
ပီပြင်ဖို့ရာ ဒို့ဝန်တာကို
ဦးစွာကျေပွန်ရမည်တကား။
စမ်းစမ်းနွဲ့ (သာယာဝတီ)
0 comments:
Post a Comment