''တို့လူမျိုးတွေ ဘာဖြစ်လို့ ဒီလောက်ဆင်းရဲနေကြတာလဲ''
ကျွန်ုပ်တို့လူမျိုးထဲမှာ ချမ်းသာကြွယ်ဝသူများရှိသော်လည်း အရေအတွက်အလွန်နည်းပါသည်။ ကျွန်ုပ်တို့လူမျိုးများရဲ့ အများစုမှာ သဘာဝအားဖြင့် အေးအေးနေတတ်သူများသာ ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့နေထိုင်သည့် ကမ္ဘာကြီးကတော့ အေးအေးမနေပါ။ (Global Warming) ကပို၍ ပို၍ပူလာပြီး စီးပွားရေးပြိုင်ဆိုင်မှုများ၊ နည်းပညာပြိုင်ဆိုင်မှုများနှင့် လျင်မြန်စွာ ဖွံဖြိုးတိုးတက်နေသည်ကို အင်တာနက်၊ နေ့စဉ်ထုတ် သတင်း၊ ဂျာနယ်များ ဖတ်ကြည့်ရုံနှင့်ပင် သိနိုင်ပါသည်။
ကျွန်ုပ်တို့သည်လည်း လူသားထဲက လူ သားများသာဖြစ်ပါသည်။ ဖြစ်ချင်စိတ်ရှိလျှင် ဘယ်အရာမဆို ဖြစ်ခွင့်ရှိပါသည်။ ပျင်းနေဖျင်းနေပြီး ချမ်းသာချင်လို့တော့ မရနိုင်ပါ။ ပိုက်ဆံရှာကြရာတွင် ဥပဒေဘောင်အတွင်းမှ သမ္မာအာဇီဝကျမည်ဆိုလျှင် မည်သည့်အလုပ်မဆို ရှက်စရာမလိုပါ။ ပိုက်ဆံရှာကြရာတွင် ကံ၊ ဥာဏ်၊ ဝီရိယ များများစိုက်သူက များများရပြီး နည်းနည်းစိုက်သူက နည်းနည်းရမည်သာ ဖြစ်ပါသည်။ တစ်ချိန်တုံးက ပစ္စည်းမဲ့ဝါဒဟု ကြွေးကြော်ပြီး မာ့စ် ကိန်းတို့ကိုကိုးကွယ်သူတို့ ဒုက္ခရောက်ခဲ့ကြသည်ကိုလည်း အမှတ်ရသင့်ပါသည်။
ပိုက်ဆံနှင့်ပတ်သက်သော အနောက်တိုင်း အဆိုအမိန့်တစ်ခုမှာ ''Money is kind of poetry'' ပိုက်ဆံသည် စိတ်ကူးအသစ် ရည်ရွယ်ရာအသစ်များကို ဖြစ်စေပါသည်။ ပိုက်ဆံရှိလျှင် လိုချင်တာတွေ စိတ်ကူးရှိသလို ပျော်ရွှင်ကြည်နူးစွာ တည်ဆောက်နိုင်ပါသည်။ ဘာစားချင်သလဲ ကျောက်ခေတ်ကလို ဂူးအောင်းပြီး အမဲလိုက်စရာမလိုပါ။ အသား၊ ငါး ကိုယ်နှစ်သက်ရာ ပိုက်ဆံရှိလျှင် ၀ယ်ယူစားသောက်နိုင်ပါသည်။
ပိုက်ဆံသည် အချိန်ကိုပင်ဝယ်၍ရပါသည်။ ဥပမာ- (ဘားအံမှ ရန်ကုန် လေယာဉ်ပျံသန်းခြင်းမရှိ) ရန်ကုန်မှ ကော့သောင်းသို့သွားချင်လျှင် လေယာဉ်ခ ကိုးသောင်းခွဲလက်ဝယ်ရှိလျှင် ရောက်ရှိရန် တစ်နာရီခန့်သာကြာပါသည်။ ကျပ်တစ်သောင်းလောက်သာရှိလျှင်တော့ ကားဖြင့် နာရီနှစ်ဆယ်ကြာအောင် စီးရပါမည်။ လေယာဉ်နှင့်သွားသည့်အတွက် အချိန် (၁၉) နာရီခန့်ပိုထွက်လာပါသည်။ ထို (၁၉) နာရီမှာ ပိုက်ဆံနှင့်ဝယ်လိုက်သော အချိန်များဖြစ်ပါသည်။ ကျွန်ုပ်တို့ရဲ့ အေးအေးနေတတ်သော အမှုအကျင့်ကို အပြစ်ဆိုစရာ မရှိသော်လည်း ကိုယ့်ရဲ့အိမ်ခေါင်မိုး ပေါက်တာလောက်သာသိပြီး အိုဇုံးလွှာပေါက်တာကျတော့ မသိသည့်အဖြစ်မျိုးတော့ မဖြစ်သင့်ပါ။ အရာရာတိုင်းကို ကမ္ဘာနှင့်ယှဉ်ပြီး အားကျအတုယူသင့်ပါသည်။
ကောင်းသောအတုကိုယူခြင်းနှင့် ကြိုးစားယှဉ်ပြိုင်စိန်ခေါ်စိတ်မှာ လူတစ်ဦးအတွက် မရှိမဖြစ်လိုအပ်ပါသည်။ ယှဉ်ပြိုင်ခြင်းနှင့် သက်ဆိုင်သော စကားတစ်ချို့အား အမှတ်ရမိပါသည်။ ဘ၀မှာ အဖေနှင့်သားလည်း ယှဉ်ပြိုင်ရပါမည်။ ကိုယ့်အဖေက ၀ါးအိမ်ဆောက်ပြီးနေခဲ့ရင် ကိုယ့်အလှည့်မှာ သစ်အိမ်ဆောက်ပြီး နေနိုင်ရမည်။ ဒါမှကိုယ်မွေးတဲ့ကလေးက တိုက်အိမ်ဆောက်မည်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်အဖေက ၀ါးအိမ်နဲ့နေခဲ့ပြီး ကိုယ်ကတဲပုတ်နဲ့ နေမယ်ဆိုရင် ကိုယ်မွေးတဲ့ကလေးက အ၀ီစိတွင်းရောက်မည်။ ကိုယ့်မိသားစုနှင့် ကိုယ့်လူမျိုးစုရဲ့ဂုဏ်ကိုမြင့်မားအောင် ဆောင်ရွက်နိုင်သူကို အမျိုးမြတ်သားဟုခေါ်ဆိုပြီး အမျိုးဂုဏ်ကို နိမ့်ကျအောင်ပြုလုပ်သူကို အမျိုးယုတ်သားဟု ခေါ်ဆိုရပါမည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘယ်နေရာ ဘယ်အဆင့်ရောက်နေသလဲ ဆန်းစစ်ကြည့်ရပါလိမ့်မည်။ ကိုယ့်လူမျိုးအပေါ်မှာ ရှေ့မရောက် နောက်မရောက် ဘေးတိုက်ကန့်လန့် ဖြစ်နေသလား။ ခိုကပ်ပြီး အောက်ဆုံးမှာ တန်းလန်းကြီးဖြစ်နေသလား။ ဆန်းစစ်ကြည့်သင့်ပါသည်။
(ကိုယ့်လူမျိုးရေးအတွက် အောင်မြင်ကြီးပွား တိုးတက်ချင်သူများမှာ မိုးကောင်းကင်ရဲ့ အမြင့်ဆုံးတစ်နေရာတွင် တိမ်ညွန့်ကိုစားပြီး ပျံဝဲနေသော ဇီဝစိုးငှက်ကိုသာ အားကျအတုယူတတ်ကြပါသည်။ နွားခြေရာခွက်တွင် အသိုက်လုပ်ပြီး ဖြစ်သလိုနေတတ်သော မြေလူးငှက်မျိုးကို အတုယူလေ့မရှိပါ။)
0 comments:
Post a Comment