ကရင်မြတ်တို့အစဉ်မှတ်ဖို့

474167l68h9nknqq.gif
လွန်ခဲ့သော နှစ်ပေါင်းများစွာက မွန်ဂိုလီးယားပြည်များမှတစ်ဆင့် ကရင်လူမျိုးစုနွယ်များ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကြပါသည်။ အခြေအနေတစ်ရပ်ကြောင့် နေရင်းဒေသကိုစွန့်ခွာကာ ရေကြည်ရာ မြက်နုရာဒေသကို ရှာဖွေခဲ့သော်လည်း စင်စစ်သမိုင်းအစကပင် အထင်အရှားရှိခဲ့သူများ ဖြစ်ခဲ့ပါ၏။ ပြည်ထောင်စုမြန်မာပြည်တွင် အနေကြာ၍ တိုင်းရင်းသားများအဖြစ် မွေးဖွားကာ အစဉ်အဆက် အသက်ရှင်ခဲ့ရာ မြန်မာပြည်သမိုင်းမှာလည်း အညံ့စားလူမျိုးနွယ်တစ်ခုတော့ မဟုတ်ခဲ့ပါ။ သရေခေတ္တရာမှစ၍ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်လှုပ်ရှား အသက်ရှင်သွားခဲ့သည်မှာ ယနေ့ကာလအထိဖြစ်ပါ၏။ ငြိမ်းချမ်းရေးကိုမြတ်နိုးလျက် အစဉ်သဖြင့် သည်းခံသောဓလေ့ ရန်ကိုငြိမ်းစေလျက် ဘယ်တော့မှလူပေါ်လူဇော် မလုပ်တတ်သော ပင်ကိုယ်အရည်အသွေးများကြောင့် ရိုးဂုဏ်တစ်ခုကိုတော့ ရယူနိုင်ခဲ့ပါ၏။

ကရင်လူမျိုးဆိုသည်နှင့် ယဉ်ကျေးသူများ၊ အနုပညာဂီတသဘင်ကို ချစ်ခင်သူများ၊ ရိုးသားသူများဟု ချက်ချင်းနားလည်နိုင်အောင် ကျွန်ုပ်တို့၏ အမိအဖများက စနစ်တကျပင် နေထိုင်မှုပုံသဏ္ဌာန်တစ်ခု (Life Style) ကို သီးခြားဖန်တီးခဲ့ပါ၏။ အချို့တိုးတက်သော အမြင်ရှိသူများကတော့ အားမရပါ။ ရိုးလွန်းတော့အပါတယ်။ တုံးအောက်ကဖားပါဘဲ စသည်ဖြင့်ပြောကြသော်လည်း ကရင်စစ်စစ်များကတော့ မတုန်လှုပ်ပါ။ ကမ္ဘာရွာခေတ် (Globalization) ကာလမှာ ရိုးတာကပိုပြီးကောင်းပါသည်။ တုံးအောက်ကဖားသည် မိုးကြိုးပစ်ခံရမှာ မကြောက်ရပါ။ ရိုးသားသမျှ အမျိုးမပျောက်နိုင်ဟု ယူဆပါ၏။

ကျွန်ုပ်တို့မှာ ကောင်းသောအတိတ်သမိုင်းများ ရှိခဲ့ပါ၏။ ဘိုးဘေးတို့စိုက်ထူခဲ့သော မှတ်တိုင်များရှိပါသည်။ ယဉ်ကျေးမှု၊ အသက်မွေးမှု၊ အတတ်ပညာအမျိုးမျိုးကို တည်ဆောက်ခဲ့ပါသည်။ ဤအရာများကို ဘိုးဘေးတို့သည် ကျွန်ုပ်တို့အတွက် ပြင်ဆင်စီမံပေးခဲ့ပါသည်။ စင်စစ် ကျွန်ုပ်တို့သည် အခိုက်အတန့် တစ်ခုအတွက်သာ အသက်ရှင်သောအခါ၌ မနက်ဖြန်နှင့် အဆက်အသွယ်မရှိဟု မအောက်မေ့ရပါ။ ကျွန်ုပ်တို့ပြုသောအရာမှန်သမျှသည် မနက်ဖြန်အတွက် အရေးကြီးပါ၏။ အချို့သူတို့ကမှု ယခုလတ်တလောအတွက်သာ အသက်ရှင်ကြပါသည်။ ဤအမှုအရာသည် နှမြောစရာ အကျင့်စရိုက်ဖြစ်၍ ယနေ့ ယဇ်ပလ္လင်ပေါ်၌ မနက်ဖြန်ကို ပူဇော်ကြသည်။ သူတို့က စားသောက်ကြ၊ ပျော်ကြ၊ ဝယ်ယူကြ.....ဟုစဉ်းစာကြပြီး ယနေ့အကုန်နှင့် မနက်ဖြန်ကို သုညအနေနှင့် ထားခဲ့ချင်ကြပါသည်။ အထူးသဖြင့် ပေါ်ပင်ခေတ်စားသောဓလေ့ဖြစ်၍ ကရင်လူငယ်များက ထိုလမ်းမှခွဲခွာ၍ မနက်ဖြန်အတွက် စဉ်းစားသင့်ပါသည်။

လောကတွင်ဖြစ်ပေါ်သမျှသော ပစ္စည်းပစ္စယ၊ အတတ်ပညာ၊ အသိပညာ၊ အဆောက်အဦးတို့သည် စဉ်းစားတွေးခေါ်ခြင်းမှ စတင်ခဲ့ပါသည်။ ကွန်ပျူတာဆိုသော ခေတ်ပေါ်ပစ္စည်းတစ်ခုကို ကြည့်စမ်းပါ။ အံ့သြစရာ နည်းပညာ အမြောက်အများနှင့် တီထွင်ပေါင်းစပ် တည်ဆောက်ထားရာ အသုံးဝင်သည်နှင့်အမျှ အလွန်လည်းချီးကျူးစရာ ဖြစ်ပါသည်။ ကျွန်ုပ်တို့လူမျိုး၏မနက်ဖြန်သည် ကျွန်ုပ်တို့၏ စဉ်းစားတွေးခေါ်မှုအပေါ်မှာ မူတည်ပါသည်။ ဤအချက်ပေါ်မှာမှ ရှုပါရုံ (Vision) ဟူသော မျှော်မှန်းချက်ကို တည်ဆောက်နိုင်မည်ဖြစ်ရာ ဘာမှမလုပ်နိုင်သည့်တိုင်အောင် လွတ်လပ်စွာ စဉ်းစားတွေးခေါ်ဖို့ရန် လိုပါသည်။ မနက်ဖြန်မှာ ဘာဖြစ်ချင်သလဲ။ မနက်ဖြန်မှာ ဘာလုပ်ချင်သလဲ။ စဉ်းစားသင့်သည်။ တွေးခေါ်သင့်သည်။

ကရင်လူမျိုးများသည် ရိုးသားသည်ဟု တံဆိပ်တပ်ခံရသောအကြောင်းမှာ ဂုဏ်ယူဖွယ်ဖြစ်ပါ၏။ ရိုးသားခြင်းသည် စင်စစ် လောကမှာ ရှားပါးသော အရာဝတ္ထုဒြပ်စင်တစ်ခု ဖြစ်ပါသည်။ လူတိုင်းမရနိုင်ပါ။ သို့သော် ဤတံဆိပ်အတွက် ကျွန်ုပ်တို့၏ ဘိုးဘေးများသည် ကာလကြာရှည်စွာ ထိန်းသိမ်းစောင့်ရှောက်လျက် ကြိုးပမ်းခဲ့ရပါသည်။ အောင်မြင်ချင်သူတွေမှာ ဘယ်တော့မှ ဇွဲလုံ့လမထားဘဲ မရှိဘဲ မအောင်မြင်နိုင်ပါ။ ယနေ့ ကာလတွင် နည်းပညာတွေ အလွန်တိုးတက်များပြားသဖြင့် လူတွေ သက်တောင့်သက်သာရှိလှသည်ဟု အောက်မေ့စရာဖြစ်ပါသည်။ အချို့လူများသည် နည်းနည်းပင်ပန်းလျှင် လက်လျှော့ကာ အခြားတစ်လမ်းကို ထပ်မံရွေးချယ်ရင်း အလိုက်သင့်မည့်နေရာကို ရှာကြလေ၏။ သက်တောင့်သက်သာဖြစ်ခြင်းသည် လူတစ်ယောက်ကို ဘယ်တော့မှ ထူးထူးချွန်ချွန်မဖြစ်စေနိုင်ပါ။ အလျင်လိုလျှင် လမ်းအိုကို လိုက်ရပါလိမ့်မည်။ ဘာတွေဘယ်လိုဘဲ ပြောင်းလဲပါစေ လောကနိယာမကတော့ မပြောင်းလဲပါ။ အများသူငါတွေ သက်တောင့်သက်သာ ဖြစ်စေချင်သော်လည်း ထိုလမ်းမှခွဲခွာ၍ မနက်ဖြန်အတွက် မလျှော့သော ဇွဲလုံ့လကို ထားရှိလျက် အောင်မြင်မှုဆီသို့ ပင်ပန်းစွာ ချီတက်ရပါမည်။

လောကကြီးထဲမှာ ဘာဖြစ်လို့လူလာဖြစ်ရတာလဲ။ လူထဲကမှ ဘာဖြစ်လို့ ကရင်လူမျိုးဖြစ်ရတာလဲ။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ့်ဆန္ဒပါပါမပါပါ ကျေနပ်စွာလက်ခံလိုက်တာတော့ အကောင်းဆုံးပါဘဲ။ ရှိတဲ့နေရာမှာ သိအောင်နေဖို့ပါဘဲ။ အသက်တာသည် တိုတောင်းလှပါ၏။ ဒီကာလမှာ စိတ်မချမ်းသာ ဖြစ်နေခြင်းသည် အလွန်ဆိုးဝါးသော ဒုက္ခဖြစ်ပါ၏။ အချို့သူများသည် မိမိတို့၏ အသက်ရှင်ခြင်းအပေါ်မှာ မကျေနပ်ကြပါ။ အချို့မှာ ကိုယ့်အနေအထားကို အားမလိုအားမရဖြစ်ကာ ကမ္ဘာဆန်ချင်လာကြပါ၏။ ထိုသို့သော သဘောထားလမ်းများမှ ခွဲခွာ၍ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ၊ တော်သည်ဖြစ်စေ၊ ကရင်လူမျိုးဖြစ်ရသောဘဝ၌မနက်ဖြန်တွင် ပျော်မွေ့ရွှင်လန်းရပါမည်။ လူဖြစ်ရလို့ ဖန်ရှင်းရှင်ကို ကျေးဇူးတင်ရပါမည်။ အထူးသဖြင့် ကရင်လူမျိုးဖြစ်လို့ ဂုဏ်ယူဝင့်ကြွား၍ ပိုပြီးဝမ်းမြောက်ကျေနပ်ကြရပါမည်ဟု ကရင်မြတ်တို့ အစဉ်မှတ်သားပြီး နှလုံးအိမ်ထဲမှာ သွင်းကြပါရန် ရေးသားတင်ပြလိုက်ပါသည်။

0 comments: