တစ်ချိန်တုံးက အတော်ပင်စည်းလုံးညီညွတ်ခဲ့သော ကရင်လူမျိုးတို့သည် ကျွန်ုပ်တို့လက်ထက်သို့ ရောက်သောအခါ စည်းလုံးမှုအတော်ပင် ယိုယွင်းလာကြောင်း လေ့လာသိရှိရသည်။
တို့ကရင်လူမျိုးတွေ ပြန်လည်စည်းလုံးညီညွတ်ဖို့အတွက် ကရင်လူမျိုးတွေဟာ ကိုယ်ကရင်ဖြစ်ရတာကို ဂုဏ်ယူတတ်ရမည်။ ဂုဏ်ယူနိုင်ရပါမည်။ ဒီကနေ့ အခြေအနေအရ ကရင်လူမျိုးတွေရဲ့ အနေအထားကို ကြည့်ရသည်မှာ အားရစရာမရှိဘူးလို့ ပြောရမှာ ဖြစ်ပါသည်။ ကရင်တချို့လည်း ဒီလိုခံစားချက်မျိုးရှိတာ တွေ့ရပါသည်။ ကရင်လူမျိုးတွေဟာ ကိုယ်ကရင်လူမျိုးဖြစ်ရတာကို ဂုဏ်ယူရမှန်း သိတဲ့အချိန်မှာ ကရင်အမျိုးသားတွေရဲ့ အသိနဲ့ဘ၀ဟာ အရှိန်အဟုန်နဲ့ မြင့်မားတိုးတက်လာဖို့လိုပါတယ်။ ကရင်လူမျိုးတွေဟာ ကိုယ်ကရင်လူမျိုးဖြစ်ရတာကို ဂုဏ်ယူတတ်အောင် ကရင်တွေရဲ့ လူမှုဘ၀ကို မှန်မှန်ကန်ကန်သိလာမှ အဲဒီအသိက ကရင်တစ်မျိုးသားလုံးရဲ့ ဘ၀နဲ့အမြင်ကို ရှေ့တန်းရောက်အောင်တွန်းပို့ရမှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ကရင်လူမျိုးတွေဟာ မူလကတည်းက စည်းလုံးညီညွတ်သော လူမျိုးဖြစ်ပါသည်။ ''၀ံသာနုရက္ခိတတရား'' ဆိုတဲ့စကားကို မကြားဘူးကြပေမဲ့ မိမိလူမျိုးကို မိမိစောင့်ရှောက်ရမည် ဆိုတာကို ကိုယ်တိုင်သိပြီး ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်တဲ့ လူမျိုးတွေဖြစ်တယ်။ ဥပမာအားဖြင့် ကရင်လူမျိုးတွေဟာ ကိုယ့်လူမျိုးအချင်းချင်းကိုပဲ လက်ထပ်ထိမ်းမြားကြတယ်။ မောင်နှမ၀မ်းကွဲအထိ အချင်းချင်းလက်မထပ်ကြရဘူး။ မောင်နှမ သုံးဝမ်းကွဲပြီဆိုရင်တော့ လက်ထပ်ယူကြတယ်။ အဖေနှင့် အမေဘက်မျိုးတွေဟာ သိပ်ပြီးသွေးဝေးသွားလျှင် သူစိမ်းတွေလို ဖြစ်သွားနိုင်တာမို့ နီးစပ်အောင် ပြန်ပြီးလက်ထပ်ပေးကြတယ်။ ကရင်လူမျိုးတွေမှာ ဒီအခြေခံတွေက ရှိနေခဲ့ပြီဖြစ်တဲ့အတွက် အမြဲစည်းလုံးနေသော လူမျိုးဖြစ်တယ်လို့ ဆိုလိုချင်ပါတယ်။
ကရင်လူမျိုးတွေရဲ့ အချင်းချင်းအိမ်ထောင်ချပေးတဲ့နည်းသည် အမျိုးကိုထိန်းသိမ်းပြီး စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခြင်းဖြစ်သလို တစ်မျိုးသားလုံး၏ ညီညွတ်ရေးကိုကြတော့ ကိုးကွယ်တဲ့ဘာသာက ထိန်းထားပြန်ပါသည်။ ဘိုးဘွားတို့၏ ပြောပြချက်အရ ကျွန်ုပ်တို့ ကရင်လူမျိုးတွေဟာ မူလက နတ်ကိုပဲကိုးကွယ်ကြပြီး နောက်ပိုင်းကျမှ ဒီနေ့ကိုးကွယ်နေကြတဲ့ ဘာသာတွေကို ကူးပြောင်းကိုးကွယ်ကြပါသည်။ ရှေးခေတ်က ကရင်တွေရဲ့ ထုံးဓလေ့နဲ့ ကိုးကွယ်မှုတွေကြောင့် ကရင်တွေဟာ စည်းလုံးညီညွတ်ခဲ့ကြတယ်။ ဗမာနဲ့မွန်ဘုရင်တွေရဲ့လက်အောက်မှာ အုပ်ချုပ်ခံတွေအဖြစ် နေကြရပေမဲ့ ဗမာ၊ မွန်တွေနဲ့ ဘာမှပြဿနာမဖြစ်ခဲ့ဘူး။ ပြဿနာကိုရှောင်တတ်တဲ့ လူမျိုးဖြစ်တဲ့အတွက် ကရင်လူမျိုးတွေရဲ့ဘ၀ဟာ အေးငြိမ်းတယ်။ လူမှုရေးဘ၀ တိုးတက်မှုအပိုင်းကြတော့ နိမ့်ကျတယ်လို့ ယူဆရပါတယ်။
ဒီလိုစည်းစည်းလုံးလုံးနဲ့ အေးအေးငြိမ်းငြိမ်းနေခဲ့ကြတဲ့ ကရင်တွေဟာ အင်္ဂလိပ်တွေ ဒီမြေပေါ်ခြေချတဲ့အချိန်ကစပြီး စည်းလုံးညီညွတ်ရေးဟာ တဖြည်းဖြည်းချင်း ယိုယွင်းပျက်စီးလာပါသည်။ အင်္ဂလိပ်တွေဟာ ကရင်တွေကို ပညာတတ်တွေဖြစ်အောင် စာတွေသင်ကြားပေးတယ်။ ကရင်စာပေကို တီထွင်ပေးခဲ့တယ်။ ပြည်သူ့ဝန်ထမ်းလုပ်ငန်းတွေမှာလည်း ပါဝင်နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မှားသည်၊ မှန်သည်ကိုတော့ ပြောလို့မရပါ။ ကရင်စာပေကို တီထွင်ပေးလိုက်တဲ့အတွက် အင်္ဂလိပ်တွေကို ကျေးဇူးတင်ရမလို၊ သူတို့ရဲ့လုပ်နည်းလုပ်ဟန်ကိုလည်း သံသယဖြစ်မိပါသည်။
ကျွန်ုပ်တို့ကရင်လူမျိုးတွေဟာ ရှေးရှေးကာလထဲက ဘုရားကိုကိုးကွယ်လာခဲ့ကြတဲ့ သူတွေပါ။ အင်္ဂလိပ်တို့က မသိသလိုလုပ်ပြီး ကရင်တို့ရဲ့ ကိုးကွယ်မှုကို ယဇ်နတ်ပူဇော်တယ်လို့ ဆိုကြပါတယ်။ ဘိုးဘွားတို့က ဘုရားအလုပ်၊ တရားအလုပ် လုပ်ကြတဲ့အခါမှာ ပြင်ပ ပယောဂတွေ မနှောင့်ယှက်နိုင်အောင် ကျွေးမွေးခြင်းဖြစ်ပါသည်။ ကိုးကွယ်တာမဟုတ်ပါ။ အင်္ဂလိပ်တို့က အချို့သောကရင်လူမျိုးတွေကို ဘုရားသခင်နဲ့ထိတွေ့နိုင်အောင် လုပ်ပေးခဲ့သည်။
အင်္ဂလိပ်တို့က ကက်သလစ်ကောင်းတယ်၊ မက်သဒစ်ကောင်းတယ်၊ ဘက်ပ်တစ်ကောင်းတယ်၊ စနေသင်းကောင်းတယ် ဆိုပြီး တစ်ခုပြီးတစ်ခု ယူလာကြသည်။ ကရင်တွေကလည်း အမှန်ပြောပြီး အမှန်လုပ်ကြတဲ့လူတွေ ဖြစ်တဲ့အတွက် သူတို့ပြောတာကို ယုံပြီးအထင်ကြီးခဲ့သည်။ ခုတော့ အမြဲတမ်းလိုလို စည်းလုံးညီညွတ်ခဲ့ကြတဲ့ ကရင်တွေဟာ အကွဲကွဲအပြားပြား ဖြစ်ကုန်ကြသည်။ ကရင်လူမျိုးတွေမှာ ယုံကြည်ကိုးကွယ်မှု မတူညီဘဲရှိကြပါတယ်။ ဘယ်လိုအကြောင်းမျိုးနှင့် ကြံကြိုက်သည်ဖြစ်စေ ''နင်ဟာခရစ်ယာန်ကို ရှိခိုးတဲ့သူလား၊ ဗုဒ္ဓကိုရှိခိုးတဲ့သူလားလို့'' မေးတဲ့အမေးမျိုးဟာလည်း အထင်အမြင်လွဲပြီး ပြဿနာဖြစ်တတ်တာမို့ ရှောင်သင့်ပါတယ်။ မိမိနှစ်ခြိုက်ကိုးကွယ်သော ဘာသာကြီးကို လိုလားသောကြောင့် အခြား ဘာသာမတူသောသူတစ်ယောက်အား ''ဒို့ဘာသာထဲဝင်ပါလား'' ဆိုတဲ့အသုံးအနှုန်းဟာ ဆက်ဆံရေးကို ပျက်ပြားစေနိုင်ပါသည်။
ဒါကိုကြည့်ခြင်းအားဖြင့် ကရင်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်ရေးဟာ အင်္ဂလိပ်တွေ မြန်မာပြည်ထဲ ၀င်ရောက်လာတဲ့အချိန်ကစပြီး ယိုယွင်းပျက်စီးလာတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်တွေက ပညာရှင်တွေဖြစ်တယ်။ တော်တယ်။ သူတို့ မြန်မာပြည်ကို လာကြတဲ့အခါမှာ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်သူ၊ ကိုးကွယ်မှုဆိုင်ရာ ကျွမ်းကျင်သူ၊ မြန်မာအရေးကျွမ်းကျင်သူ၊ ကရင်အရေးကျွမ်းကျင်သူ ဆိုပြီး ပါလာကြတယ်။ ဒီတော့ သူတို့ဟာ တစ်ကယ်တမ်း ကရင်တွေကိုချစ်တယ်ဆိုရင် ကရင်လူမျိုးရဲ့ ရေရှည်အကျိုးအတွက် တစ်ခုတည်းသောစာပေကိုသာ တီထွင်ပေးရမှာဖြစ်ပါတယ်။ အခုတော့ သူတို့က ကရင်စာပေအမျိုးမျိုးကို တီထွင်ပေးခဲ့သည်။ အဲဒီအချိန်တုံးက ကျွန်ုပ်တို့ကရင်လူမျိုးမှာ ''ဖလုံ'' စာပေဆိုတာ ရှိနေနှင့်ပြီးဖြစ်တယ်။ မွန်စာပေကို အခြေခံထားတဲ့ ကရင်စာပေဟာ အသံစုံတယ်လို့ သိရပါတယ်။ ဒီစာပေကို အင်္ဂလိပ်တွေက ဘာလို့မဖော်ထုတ်ရတာလဲ။ သူတို့သာလျှင် ကရင်လူမျိုးတွေအတွက် ကယ်တင်ရှင်ဖြစ်တယ် ဆိုတဲ့အချက်ကို ပါးစပ်ကမပြောထုတ်ဘဲ သိသွားအောင်လုပ်ခြင်းဘဲဖြစ်သည်။ အခုတော့ စာပေ (၃) ခုကွဲသွားပြီ။ နောက်ထပ်အကွဲကြီးကွဲသွားဖို့ သမိုင်းဆိုင်ရာအချိန်ပိုင်းက စောင့်နေလျက်ရှိပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် စာပေများတာဟာ မကောင်းဘူးလို့ပြောရင် လုံလောက်ပြီ ထင်ပါတယ်။ ''တစ်ခုထဲကိုမြဲမြဲကိုင်'' ဆိုတဲ့ ပုံပြင်တွေလည်း ရှိနေပြီးဖြစ်သည်။ ဒါကြောင့် တစ်မျိုးတည်းသောစာပေကို တီထွင်ဖော်ထုတ်ဖို့ လိုအပ်တာအမှန်ပင်။ ဒီလိုမှမဟုတ်ရင် ဗုဒ္ဓဘာသာဝင်နှင် ခရစ်ယာန်ဘာသာဝင် ကရင်အတော်များများဟာ ကရင်ဘ၀ပျောက်ကွယ်သွားဖို့ရှိတယ်လို့ ထင်ပါသည်။ တစ်ခုတည်းသော စာပေဖြစ်ပေါ်လာမယ်ဆိုလျှင် ကရင်လူမျိုးတွေ တစ်နေ့တစ်ခြား ပိုစည်းလုံးလာမည် ဖြစ်ပါသည်။
(မှတ်ချက်။ ။မှတ်သားမိသော ဘိုးဘွားမိဘတို့ပြောပြချက်အရ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)
0 comments:
Post a Comment