ချည်ဖြူ


ချည်ဖြူ

ဖွေးနစ်စိုမျှဉ်ချိုနူးပြီထင့်
ချစ်ဦးကရင်ပျိုက
နှစ်ကူးလျှင် အရောက်လာမည်တဲ့
နှလုံးသွေး အက္ခရာ။

လွယ်ပလိုင်း
သင်တိုင်းရောင်မျှင်ခြယ်လို့
စံပယ်ပုဝါနှင်းရည်လဲ့
ခိုမှီနွဲ့ပါ။

သံလွင်သဲသောင်ကမ်းဆီက
မျှော်မျှော်ကာဆုံမည်မှန်းသော်လည်း
လမ်းမကြုံဖုံမဆင့်ပြီမို့
ကြိုနှင့်သူ ''နန်း'' ထင့်မောပါရ
ဒေါနမြင့်တောင်တခို
တိမ်မည်းညိုတို့ မှိုင်းမှောင်လူး။

လျှိုမြောင်ပတ်ရံ
ခွင်းလေထန်သည့် ခရီးမှာဖြင့်
ချောက်ကမ်းပါး တားအဆီးတွေနဲ့
တောမီးလောင် ဝေးခေါင်လွင့်လေသလား
ကတိနှောင် သွေမရွေ့နိုင်ဘူး
ချစ်သက်သေ "ချည်ဖြူ" ဖွဲ့ကာပ
မြတ်နိုးသူ ''စော'' ကိုလွမ်းရတယ်
တမ်းတနှစ်ကူး။

အားလုံးဘဲ မြစ်နဒီကိုးသွယ်မှ ကြိုဆိုပါတယ်။ ကရင်အမျိုးသား စာပေ၊ ယဉ်ကျေးမှု နှင့် ရိုးရာဓလေ့ကို ဖော်ထုတ် ထိန်းသိမ်း မြှင့်တင်ရေးအတွက် ဆောင်ရွက်ရန် လိုသကဲ့သို့ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးကိုလည်း တစ်ပြိုင်နက် ဆောင်ရွက်ရမည်မှာ ကရင်အမျိုးသားထုတစ်ရပ်လုံးတွင် တာဝန်ရှိပါသည်။ ညီညွတ်မှုပြိုကွဲစေသော အဟန့်အတားများ၊ ပယောဂများကို အမျိုးသားရေးအသိဖြင့် ဖယ်ရှားသွားရန် လိုအပ်ပါသည်။

ထိုနည်းတူ တိုင်းရင်းသားများအားလုံး အမျိုးသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေမည့် အနှောင့်အယှက် မှန်သမျှကိုလည်း မျိုးချစ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲကာကွယ်သွားကြရပါမည်။ ကရင်အမျိုးသားတိုင်း၏ နှလုံးအိမ်တွင် စွဲထင်နေရမည့်အရာမှာ အမျိုးသားရေးအသိနှင့် မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်ကြောင်း လာမည့်ဝါခေါင်လပြည့် (၂၅) ရက်နေ့တွင်ကျရောက်မည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်မှာ ကရင်အမျိုးသားအားလုံးနှင့်တကွ ပြည်ထောင်စုမြန်မာနိုင်ငံ တ၀ှမ်းလုံးတွင် နှစ်ရှည်လများ အတူတကွ မှီတင်းနေထိုင်လာကြသည့် ညီအစ်ကို တိုင်းရင်းသား မောင်နှမများအားလုံးနှင့် ကမ္ဘာအရပ်ရပ်မှ ရောက်ရှိနေထိုင်ကြသော ကရင်လူမျိုးများအားလုံး ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများ အသီးသီးပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် လာရောက်လည်ပတ်သူအားလုံးကိုဘဲ ဤ ''ချည်ဖြူ'' ကဗျာလေးဖြင့် နှုတ်ဆက်ခဲ့ပါတယ်။ (ယှူးမုက်္ဘှ်ယ၀့် ကျာ်သြီ့ထင်းထ၀့် ဍုဂ်ပါင်လာ ကိုဝ်ဟှာဍေဆာ်။)

0 comments: