17Sep2010

ကရင်သင်တိုင်းနဲ့ ကမ္ဘာ့လက်ဝှေ့ကြိုးဝိုင်းတက်ခဲ့သူ

474167l68h9nknqq.gif
ပန်းတနော်မြို့ ပန်းဧရာခန်းမအတွင်းက ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် လက်ဝှေ့ပွဲတစ်ခုတွင် သူ့ကို စာရေးသူ စတင်တွေ့ခဲ့ဖူးသည်။ ပန်းတနော် ကရင်စာ/ယဉ် ကော်မတီဥက္ကဌ ဒေါက်တာမန်းခင်မောင်စိုးက အကူအညီတောင်း၍ ထိုလက်ဝှေ့ပွဲတွင် အစီအစဉ်ကြေငြာသူအဖြစ် စာရေးသူ ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒိုင်ချုပ်မှာ ဦးဘိုစိန် (ပီကင်းပြန်) ဖြစ်သည်။ လက်ဝှေ့သမားများအား စာရေးသူမှာ အတန်းလိုက်ယှဉ်ပြိုင်လိုသူများကို အသံချဲ့စက်နှင့်ခေါ်ယူစဉ် ခုံဒိုင်၏လက်ဝဲဘက်မှာ အားကစားဝတ်စုံဖြင့် ကြိုးဝိုင်းကို ကျော်၍၀င်လာသူတစ်ဦအား ဆရာဦးဘိုစိန်မှ အတန်မတူ၍တားမြစ်လိုက်ရာ ထိုသူကကြိုးဝိုင်းစင်အောက်သို့ ပြန်ဆင်းသွင်းသွားသည်ကို တွေ့လိုက်ရသည်။ အကျိုးအကြောင်းမေးကြည့်ရာ ဆရာဦးဘိုစိန်မှ ဒီအတန်းသူဝင်ထိုးလို့ဘယ်ရမလဲ။ သူကရွှေတံဆိပ်တောင် ရခဲ့တာဟု ပြန်ပြောခဲ့သည်။

နောက်တစ်ကြိမ်ထပ်ပြီး ဆုံစည်းလဲ့သည်မျာ ပန်းတနော်မြို့နယ် မရမ်းရွာ၊ ၂၇၄၀ ခုနှစ် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပွဲတွင်ဖြစ်သည်။ ထိုပွဲတွင် စိန်ခေါ်ပွဲအဖြစ် စောကျးသွေး (မအူပင်) အား သူအနိုင်ရခဲ့သည်။ သည့်နောက်ပိုင်း ရန်ကုန်လက်ဝှေ့ပွဲတွင် တစ်ကြိမ် နှစ်ကြိမ် မထင်မရှား ပြန်လည်မြင်တွေ့ရသည်မှအပ သူနှင့်တွေ့ဆုံမှုအဆက်ပြတ်ခဲ့သည်။ သူသည် မြန်မာရိုးရာလက်ဝှေ့ ပထမတန်းမဆင့်ကိုရောက်ရှိသွားပြီး ၀ါရင့်ပထမတန်းလက်ဝှေ့သမားများကို ယှဉ်ပြိုင်ထိုးသတ်နေကြောင်း သိရှိရသည့်အခါ စာရေးသူအတော်အံ့သြသွားသည်။ သူသည် ဧရာဝတီတိုင်း၊ ညောင်တုံးမြို့နယ်၊ ဆင်ထုံးကြီးအုပ်စု၊ အောက်စုရွာ (စက္ကော့အနီး) မှဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့လောကတွင် စစ်ကြိုခေတ်မှစ၍ ယနေ့အချိန်အထိ လေ့လာလိုက်စားသူများ၊ ထင်ပေါ်ကျော်ကြားသူများမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်အချို့မှ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ တွံတေး တို့တွေသာ ဖြစ်ခဲ့ဖူးရာ ဧရာဝတီတိုင်းတွင် ပထမတန်းအဆင့်သာမက မြန်မာ့ချန်ပီယံကို လက်ရည်တူယှဉ်ပြိုင်နိုင်သူ၊ နိုင်ငံတကာပွဲအထိ ယှဉ်ပြိုင်ထိုးသတ်နိုင်သူ ၎င်းအား စိတ်ဝင်စားရုံသာမက သူသည် ကရင်အမျိုးသားတစ်ဦးဖြစ်ကြောင်းကို သိရှိရပြန်ရာ ထပ်မံသိရှိလို၍ သူ့အကြောင်းကို ရေးသားရခြင်းဖြစ်သည်။ သူထိုးသတ်ခဲ့သည့်ပွဲများကို ရန်ကုန်ပွဲစဉ်များသာမက မြိုင်ကြီးငူအထိ စာရေးသူလိုက်လံကြည့်ရှုခဲ့သည်။ သူနှင့်တွေနိုင်ရေးအတွက် စာရေးသူသည် မိတ်ဆွေဖြစ်သူ ညောင်တုန်းမြို့နယ်၊ ကျီးကန်းသိုက်ရွာနေ ငါးမွေးကန်ပိုင်ရှင် ကိုလွင်နှင့် ဆက်သွယ်၍စုံစမ်းခဲ့သည်။ ကိုလွင်မှတစ်ဆင့် သူသည် လယ်လုပ်ငန်းဖြင့်အသက်မွေးကြောင်း၊ လယ်လုပ်ငန်းအားလပ်ချိန်တွင် ကျဘမ်းအလုပ်များကိုလုပ်ကိုင်ကြောင်း၊ အလုပ်လုပ်ရာတွင်လည်း ခက်ခဲပင်ပန်းသည့်အလုပ်များအား လုပ်ဖော်ကိုင်ဖက်များကိုညှာတာ၍ မိမိသာလျှင်အပင်ပန်းခံ၍ လုပ်ကိုင်တတ်ကြောင်း စသည့်သူ၏ပင်ကိုယ်ရိုးသားမှုကို သိရှိရသည်။ ရန်ကုန်မြို့ကိုသွားရောက်ပြီး လက်ဝှေ့ဆရာတစ်ဦးထံတွင် နေ့စဉ် လေ့ကျင့်သင်ကြားနေကြောင်း တစ်ခါတစ်ရံ ဆရာခွင့်ပြုချက်ရမှသာ ပြန်လာတတ်ကြောင်းကို သိရှိခဲ့ရသည်။ သူပြန်လာသည့်အခါ သူနှင့်တွေ့ဆုံနိုင်ရေးအတွက် ကိုလွင်မှဆက်သွယ်ရန် အသိပေးခဲ့သည်။

သင်္ကြန်အကြိုနေ့ဖြစ်သည်။ လုံးချောရွာပြန်လာကြောင်းကို သိရသည်။ စာရေးသူ၊ ကိုလွင်၊ ကိုသိန်းသန်း (ကိုလွင်မိတ်ဆွေ) တို့နှင့်အတူ လုံးချောနေထိုင်ရာရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သည်။ ရန်ကုန်-ဓနုဖြူကားလမ်းအတိုင်း စက္ကော့ရွာသို့မရောက်မီ ဖိုးပန်းရုံတံတားအနီး ညာဘက်ဆင်း၍ ဥယျာဉ်လမ်းအတိုင်း ဆယ့်ငါးမိနစ်ခန့်သွားရာ လုံးချောအိမ်သို့ရောက်ခဲ့သည်။ ထိုနေ့က လုံးချောသည် သင်္ကြန်အတွင်း လက်ဝှေ့လေ့ကျင့်မှုမှအနားယူ၍ ရွာသို့ပြန်လာခြင်းဖြစ်သည်။ စာရေးသူအား လုံးချောမှ မေးမြန်းသမျှမေးခွန်းများကို စိတ်ရှည်လက်ရှည်ဖြင့် ဖြေကြားခဲ့သည်။ သူရခဲ့သည့် အောင်လံဆုများ၊ ဆုရဓာတ်ပုံများကိုလည်း ထုတ်ပြခဲ့သည်။ သူသည် ဖြေဆိုမှုအားလုံးတွင် မာနမရှိ၊ ရိုးသားမှုရှိသည်ကို တွေ့ခဲ့ရသည်။

မွေးရာဇာတိ....။
ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကြီးအုပ်စု၊ အောက်စုရွာမှာ မွေးတယ်။

မိဘအမည်နဲ့မွေးချင်း ဘယ်နှစ်ယောက်ရှိပါသလဲ...။
အဖေကမန်းအေးသိန်း အမေကဂါ့ခင်စန်း၊ မွေးချင်းနှစ်ယောက်ရှိတယ်။ ကျွန်တော့်အောက်မှာ ညီမတစ်ယောက်ရှိပါတယ်။

လူမျိုးနဲ့ကိုးကွယ်တဲ့ဘာသာကရော....။
ကရင်လူမျိုး၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။

လက်ရှိ မိသားစုအသက်မွေးဝမ်းကြောင်းအဖြစ် ဘာလုပ်ပါသလဲ..။
လယ်လုပ်ငန်းလုပ်ပါတယ်။ အားလပ်ချိန်မှာ ကျဘမ်းအလုပ်များကို လိုက်လုပ်ပါတယ်။

ကျောင်းပညာရေးသင်ကြားမှုအခြေအနေက..။
မူလတန်းကို ကျီးကန်းသိုက် အ-မ-က (ညောင်တုန်း)၊ အလယ်တန်းရောက်တော့ စက္ကော့ အ-လ-က (ညောင်တုန်း)၊ နောက်တော့ ညောင်တုန်းမြို့ အ-ထ-က (၁) မှာ န၀မတန်းအထိ ပညာသင်ခဲ့ပါတယ်။ (၉) တန်းအောင်ပြီး မိဘနဲ့အတူရွာမှာ လယ်ပြန်လုပ်ပါတယ်။

အခုလက်ရှိဘယ်မှာနေပါသလဲ...။
လက်ဝှေ့ထိုးနေတော့ ရန်ကုန်က ဦးဝင်းဇင်ဦးဆီမှာနေပြီး လေ့ကျင့်နေပါတယ်။

ရိုးရာလက်ဝှေ့ပညာကို ဘယ်ဆရာတွေဆီမှာ ဆည်းပူးသင်ယူခဲ့ဖူးသလဲ...။
ပထမဆုံးဆရာက စောဧရာ (ညောင်တုန်း) ပါ။ နောက်တော့ ဦးဒေါင်းညို (တွံတေး)၊ ပွဲကျောင်းသား (ပြည်ထဲရေးကလပ်) တို့ဆီမှာ သင်ယူခဲ့ဖူးပါတယ်။ ၂၀၀၄ ခုနှစ်ကစပြီး ဒီနေ့အထိ ဆရာဦးဝင်းဇင်ဦးဆီမှာ သင်နေပါတယ်။

ရိုးရာလက်ဝှေ့လောကမှာ ပထမတန်းမရောက်ခင် ဘာဆုတွေရခဲ့ဖူးသေးသလဲ...။
၁၆၆၇၊ ဟင်္သာတ ငါးမျက်နှာဘုရား ရိုးရာလက်ဝှေ့အောင်လံလုပွဲမှာ ပထမအောင်လံဆုကို ရခဲ့ပါတယ်။ ၁၉၉၉၊ အိမ်မဲမြို့မှာ ပထမအောင်လံဆုကိုရခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်ကျတော့ မြ၀တီမြို့နယ် ရွှေကုက္ကိုလ်ကရင်နှစ်သစ်ကူးပွဲမှာ ပထမအောင်လံဆုကိုရခဲ့ပါတယ်။ ပြည်နယ်နှင့်တိုင်း လူသစ်တန်းအဆင့်လက်ဝှေ့ပြိုင်ပွဲမှာ ရန်ကုန်တိုင်းကိုယ်စားပြုပြီး ရွှေတံဆိပ်ဆုရခဲ့ဖူးပါတယ်။

ပထမတန်းအဆင့်ရောက်တော့ ဘယ်သူတွေနဲ့ ထိုးသတ်ခဲ့ဖူးသလဲ..။
၁၀၀၅ ခုနှစ်၊ သုဝဏ္ဏပိုက်ကျော်ခြင်းရုံမှာ စောငမန်း (ဘားအံ) နဲ့ သရေကျခဲ့ဖူးပါတယ်။ (၁၆-၁၀-၂၀၀၅) MCC ခန်းမမှာ ရွှေဆိုင်း (မြိုင်ကြီးငူ) နဲ့ သရေကျခဲ့ဖူးပါတယ်။ ၂၀၀၅ ခုနှစ် D.K.B.A (၁၁) နှစ်မြောက်အထိမ်းအမှတ် မြိုင်ကြိးငူပြိုင်ပွဲမှာလည်း ရွှေဆိုင်းနဲ့ သရေကျခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်၊ ထားဝယ်လမိုင်းပွဲမှာ ၀မ်ချိုင်း (မြ၀တီ) ကို အနိုင်ရခဲ့ပါတယ်။

ဘယ်အချီလောက်မှာလဲ...။
တတိယအချီမှာပါ။ ၂၀၀၆ ခုနှစ်၊ဖေဖော်ဝါရီလ (၁၂) ရက်၊ မန္တလေးပြည်ထောင်စုနေ့ပွဲမှာလည်း ၀မ်ချိုင်းကို တတိယအချီမှာ နိုင်ပြန်ပါတယ်။ (၉-၄-၀၆) MCC ခန်းမမှာ တတိယအကြိမ် ရွှေဆိုင်းနဲ့ထိုးပြန်တော့ ထပ်ပြီးသရေကျပါတယ်။

နိုင်ငံတကာပွဲအတွေ့အကြုံလေးလည်း ပြောပါဦး...။
၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ၊ ဂျပန်နိုင်ငံ၊ နဂါဆဂီမြို့မှာ ကျူးရှူးကျွန်း ကရာတေးချန်ပီယံ အီမာမူယာနဲ့ ထိုးသတ်ခဲ့ဖူးပါတယ်။ ပထမအချီမှာပဲ သူ့ကိုအလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။

နောက်ထပ်နိုင်ငံတကာပွဲတွေရောရှိသေးလာ...။
(၁၇-၃-၀၆) ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကရာတေးချန်ပီယံ ယာမာအူချီနဲ့ ထိုးသတ်ခဲ့ဖူးပါတယ်။ တတိယအချီမှာပဲ သူ့ကို အလဲထိုးနိုင်ခဲ့ပါတယ်။


တိုကျိုမြို့ဟာ လူဦးရေ (၁၂) သန်းကျော်ရှိပြီး ကမ္ဘာ့အကြီးဆုံးမြို့တစ်မြို့လည်းဖြစ်တယ်။ ကမ္ဘာမှာ ကိုယ်ခံပညာရှင်အများဆုံးထွက်တဲ့နိုင်ငံကို သွားရောက်ယှဉ်ပြိုင်ရတာဖြစ်တော့ ရင်ထဲမှာ ဘယ်လိုခံစားရလဲ...။
မရောက်ဖူးတဲ့နေရာရောက်တော့ ပျော်တယ်။ ရိုးရာကိုယ်ခံပညာကို နိုင်ငံတကာ ထိုးဖောက်ခွင့်ရတယ်။ အခြားကိုယ်ခံပညာတွေလည်း လေ့လာခွင့်ရတယ်။ ကိုယ့်နိုင်ငံအတွက်လည်း ဂုဏ်ယူတယ်။ ကြောက်စိတ်မရှိဘူး။ ဆင်ကောင်လောက်လည်း ထိုးမှာပဲ။(ရယ်လျက်) မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမယ်ဆိုတဲ့စိတ်လည်း ရှိနေတယ်လေ။

နဂါဆကီမြို့မှာထိုးတုန်းကရောဘယ်လိုခံစားရလဲ...။
နဂါးဂီမြို့ရောက်တော့ အနုမြူဗုံးကြဲခံခဲ့ရတဲ့ သမိုင်းဝင်မြို့ဆိုတော့ ရင်ထဲမကောင်းသလိုခံစားရတယ်။ အင်အားမရှိရင် သူများစော်ကားတာခံရတယ်ဆိုတဲ့ အသိတစ်ခုလည်းဝင်လာတယ်။

နိုင်ငံတကာလက်ဝှေ့ပွဲတွေ သွားရောက်ထိုးသတ်တာ ဘယ်သူဦးဆောင်မှုနဲ့သွားခဲ့သလဲ...။
ကျွန်တော့ဆရာ ဦးဝင်းဇင်ဦးရဲ့ ဦးဆောင်မှုနဲ့ပါ။ ကျွန်တော်ရယ်၊ စောဇွဲလေးရယ်၊ မြိုင်ကလေးဘိလပ်မြေစက်ရုံက ကျော်ငြိမ်းရယ်ပါ။

နိုင်ငံခြားတွေအပေါ်မှာ ဆရာဦးဝင်းဇင်ဦးက ဘယ်လိုသင်ကြားပေးခဲ့သလဲ...။
အကောင်းဆုံးဖြစ်အောင်ထိုးဖို့ပြောတယ်။ ရိုးရာကိုယ်ခံပညာ နိုင်ငံတကာကို ခြေချခွင့်ရအောင် ကိုယ့်နိုင်ငံကိုယ်စား ဂုဏ်ဆောင်ဖို့လည်းပြောတယ်။

ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှာ စွမ်းဆောင်ရှင်အဖြစ် အရွေးခံရတယ်လို့ သိရပါတယ်။ ပြောပြပါဦး...။
ရုပ်ရှင်သရုပ်ဆောင်လွင်မိုး၊ စာရေးဆရာမဂျူး၊ တေးသံရှင်ဖြူဖြူကျော်သိန်း၊ ပြီးတော့ Miss ASEAN အိရူပါဝင်း တို့အပါအ၀င်ပါ။

စွမ်းဆောင်ရှင်အဖြစ် အရွေးခံရတော့ ဘာတွေလုပ်ပေးရသလဲ။ လုပ်ပေးရတဲ့အလုပ်အပေါ် ဘယ်လိုခံစားရသလဲ...။
ကလေးတွေကို ရိုးရာလက်ဝှေ့အားကစား သင်ပေးရပါတယ်။ သူတို့ကိုလည်း ပျော်ရွှင်အောင်လုပ်ပေးရတယ်။ ကိုယ့်လူမျိုးမှာ ရိုးရာကိုယ်ခံပညာရှိတယ်ဆိုတဲ့အသိကို သူတို့စိတ်ထဲ မျိုးစေ့ချပေးရတာဖြစ်တဲ့အတွက် ဂုဏ်ယူတယ်။

ရွှေခါးပတ်ရတဲ့အကြောင်းလည်း ပြောပါဦး...။
(၂၁-၅-၀၆) နေ့သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ ရွှေခါးပတ်လုပွဲ၊ (၇၄) ကီလိုအလွတ်တန်းမှာ ရွှေဝါထွန်းနဲ့ ထိုးခဲ့ရတယ်။ (၅) ချီအပြည့်ထိုးခဲ့ရပြီး အမှတ်နဲ့အနိုင်ရလို့ ရွှေခါးပတ်ကိုရခဲ့ပါတယ်။

ရွှေဝါထွန်းဟာ တစ်ချိန်က ချန်ပီယံဘွဲ့ကို ဆယ်စုနှစ်တစ်ခုကြာ ထိန်းထားနိုင်ခဲ့တယ်။ တကျော့ပြန်ပြီး လက်ဝှေ့လောကကိုဝင်လာတော့ လုံးချောနိုင်ခဲ့တဲ့ ၀မ်ချိုင်းကိုလည်း သူနိုင်တယ်။ သူနဲ့ ထိုးရမယ်ဆိုတော့ ဘယ်လိုခံစားရသလဲ...။
ဘယ်လိုမှမခံစားရပါဘူး။ အကောင်းဆုံးဖြစ်အောင် ထိုးမယ်လို့သာ စိတ်ထဲရှိပါတယ်။

ရွှေခါးပတ်ပွဲနဲ့ပတ်သက်ပြီး အချို့က ထိုးကြေးကြောင့် ၀င်မဲပြိုင်ကြဘူး။ လုံးချောအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ၀င်ရောက်ယှဉ်ပြိုင်တာပါလဲ...။
ငွေရေးကြေးရေးကို အဓိကမထားပါဘူး။ နိုင်ငံတော်က လုပ်တဲ့ပွဲဆိုတော့ လေးစားမှုနဲ့ဝင်ပြိုင်တာပါ။ ပြီးတော့ နောက်တက်လူငယ်တွေလည်း ပြိုင်ပွဲအတွေ့အကြုံရစေချင်ပါတယ်။

ရွှေခါးပတ်ရတော့ ဓာတ်ပုံရိုက်ကြတယ်။ အဲဒီအထဲမှာ ဦးဝင်းဇင်ဦးကို 'လုံးချောနဲ့ ဓာတ်ပုံတွဲရိုက်ချင်တယ်' ဆိုပြီး ခွင့်တောင်းတဲ့ ဂျင်းဘောင်းဘီရှည်၊ ကရင်သင်တိုင်းနဲ့ ကရင်အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရတယ်။ ရင်ထဲမှာ ဘယ်လိုခံစားရလဲ...။
ဝမ်းသာတယ်၊ ဂုဏ်ယူတယ်၊ ကျေးဇူးလည်းတင်တယ်။ ဓာတ်ပုံရိုက်ခွင့်တောင်းတာကတော့ ကျွန်တော့သူငယ်ချင်းရဲ့ညီမပါ။ သူငယ်ချင်းညီမဆိုတော့ ကိုယ့်ညိမပဲပေါ့။

ရွှေဝါထွန်းနဲ့ထိုးတဲ့ပွဲမှာ အလဲထိုးအနိုင်မယူနိုင်တာကို ပရိသတ်တွေက အားမရဘူး။ ဘာကြောင့်လဲ..။
ကျွန်တော့်လိုအပ်ချက်တွေ ရှိနေသေးလို့ပါ။

ရိုးရာလက်ဝှေ့လောကမှာ ချန်ပီယံအဖြစ် မျှော်မှန်းပါသလား..။
မျှော်မှန်းပါတယ်။

ဘယ်တော့လောက် ချန်ပီယံဖြစ်မယ်လို့ မျှော်မှန်းထားသလဲ...။
အတိအကျတော့ ပြောလို့မရသေးဘူး။

လက်ဝှေ့ပွဲတွေမှာ အချို့က ကိုယ်ခံပညာဝတ်စုံတစ်မျိုးမျိုးနဲ့ ကြိုးဝိုင်းပေါ်တက်ကြတယ်။ လုံးချောက ကရင်သင်တိုင်းနဲ့ချည်း ကြိုးဝိုင်းပေါ်ကိုတက်တာ တွေ့ရတယ်။ ဘာကြောင့်လဲ..။
ရိုးရာလက်ဝှေ့ဟာ မြန်မာတိုင်းရင်းသားအားလုံးရဲ့ ကိုယ်ခံပညာအမွေအနှစ်ပါ။ တိုင်းရင်းသားအားလုံး မြတ်နိုးရမယ်။ နိုင်ငံတကာထိုးဖေါက်ခွင့်လည်း ရနေပြီ။ ကရင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကိုယ်စားပြု ထိန်းသိမ်းတယ်ဆိုတဲ့ဂုဏ်ကိုယူချင်လို့ပါ။

ဘိုးဘေးအစဉ်အဆက်က မြန်မာနိုင်ငံသားအားလုံးပိုင်ဆိုင်သည့် ရိုးရာကိုယ်ခံပညာရပ်ကို နိုင်ငံသားအားလုံး ထိန်းသိမ်းရန် ထိုမှတစ်ဆင့် ကမ္ဘာ့ကိုယ်ခံပညာအားကစားလောကသို့ ခြေချနိုင်ရန် နိုင်ငံသားအားလုံး တာဝန်ရှိသည့်အလျောက် ကရင်တိုင်းရင်းသားများသည်လည်း ကျရာတာဝန်မှ လုံးချောကဲ့သို့ ထူးချွန်သူများပေါ်ပေါက်စေရန် မျှော်မှန်းလျက်။ (မန်းထိန်ဝင်းစိန်)

1 comments:

saw min htay said... / Tuesday, February 22, 2011 11:46:00 pm  

ခုလိုကို့ကရင်ထူးချွန်တယ့်သူတွေရဲ့အကြောင်းကိုအင်တာဗူးပြီးတင်ပေးတဲ့အတွက်နောင်လာနောက်သားကိုယ့်ကရင်လူမိုးတွေအတွက်ရှေ့ဆက်အတုယူဖို့ဂုဏ်ယူဝမ်းမြောက်နိုင်စေဖို့အထောက်အထားဖြစ်စေပါတယ်။ အခွင့်အရေးရမယ်ဆိုရင် IRON CROSS တီးဝိုင်းကဆရာချစ်စမ်းမောင်ရဲ့ကိုယ်ရေးရာဇ၀င်လေးအင်တာဗူးပြီးတင်ပေးပါလား။မှတ်တမ်းမှတ်ရာဗွီဒီယိုတိတ်ခွေနဲ့အတူပေါ့။ကရင်ကြေးမုံမှာဖတ်ဖူးတယ်။ခုနှစ်မေ့သွားလို့ပါ။