အရှေ့ပိုးကရင်တို့၏ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း

474167l68h9nknqq.gif

ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ သတို့သားနှင့် သတို့သမီးတို့အား အကြင်လင်မယားအဖြစ် အသိအမှတ်ပြုခြင်းနှင့်အတူ လက်ချည်ခြင်းဖြင့် ဆုတောင်းပေးခြင်း ချီးမြှင့်ခြင်းဖြစ်သည်။ တနည်းမှာ ထိမ်းမြားမင်္ဂလာ ဆောင်နှင်းသူတို့အား စိတ္တသုခ ကာယသုခ နှစ်ဖြာပြည့်ဝပြီး ရာသက်ပန် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြစေရန် ဆုတောင်းပတ္ထနာ ပြုပေးခြင်းလည်း ဖြစ်ပေသည်။

ထိမ်းမြားမင်္ဂလာ လက်ချည်ရာတွင် လင်ပန်း သို့မဟုတ် ဗျပ်ကျယ်ကြီးတစ်ချပ်ပေါ်တွင် မုန့်များနှင့် စားသောက်ဖွယ်ရာမျိုးစုံကို ထည့်ထားပြီး ချည်ဖြူများကို ဖြန့်ခင်းထားသည်။ ထမင်းထုပ်၊ ကောက်ညှင်း၊ ခေါပြင်၊ ပန်းများကို မပါမဖြစ် ထည့်ထားလေသည်။

သတို့သားနှင့် သတို့သမီးတို့အား လက်ချည်ပေးရာတွင် တစ်ဦးတည်း ချည်၍မရချေ။ စုံတွဲချည်ပေးရသည်။ သို့ကြောင့် လက်ချည်ပေးမည့် သက်ကြီးရွယ်အို ပုဂ္ဂိုလ်တို့သည် လင်စုံ၊ မယားစုံဖြစ်ရပြီး နှစ်ဦးစလုံး လာရောက်ချည်ပေးရသည်။ နောက်အိမ်ထောင်ပြု၍ စုံတွဲလင်မယား၊ မုဆိုးဖို၊ တစ်ခုလပ်ပုဂ္ဂိုလ်များ လက်ချည်ပေးခွင့် မရှိချေ။ ပထမအိမ်ထောင်မှ လင်စုံ၊ မယားစုံရှိနေသူတို့အား လက်ချည်ချီးမြှင့်ပေးရန် ကြိုတင်၍ ဖိတ်ကြားထားရသည်။ ဖိတ်ကြားခံရသူတို့ကလည်း လက်ချည်ပေးခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ရပ်ဖြစ်၍ ငြင်းဆန်လေ့ မရှိကြချေ။

ထိမ်းမြားမင်္ဂလာ လက်ချည်ရာတွင် လိပ်ပြာခေါ်လက်ချည်ရာမှ လိပ်ပြာခေါ် ရွတ်ဆိုပေးခြင်းအပြင် ဆိုဆုံးမစကား၊ ဆုတောင်းစကားတို့ပါ ချီးမြှင့်ပေးကြသည်။ အိမ်ထောင်ဖက်နှစ်ဦး ချစ်ချစ်ခင်ခင်ရှိပြီး စီးပွားတိုးတက်ချမ်းသာ၍ သာယာသောအိမ်ထောင်ကို တည်ဆောက်နိုင်ခြင်းမှာ ထိုသူတို့ ထိမ်းမြားလက်ထပ်စဉ်က မိမိတို့လင်မယားစုံတွဲက လက်ချည်ပေးခဲ့ရသည်ဟူ၍ ဂုဏ်ယူပြောဆိုလေ့ရှိသည်။ ထို့အတူ သတို့သမီး သတို့သားတို့ကလည်း မိမိတို့ ထိမ်းမြားလက်ထပ်စဉ်က မည်သည့် ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီး လင်မယားတို့က လက်ချည်ချီးမြှင့်ပေးခဲ့၍ သာယာသောအိမ်ထောင်ကို ထူထောင်နိုင်ခြင်းဖြစ်သည် ဟူ၍လည်း ကျေးဇူးတင်မဆုံး ရှိတတ်သည်။

လက်ထပ်ခြင်းအစဉ်အလာ
ရှေးအခါက ပိုးကရင်လူမျိုးတို့သည် ချစ်သူဘ၀ဖြင့် သုံးနှစ်သုံးမိုး အချိန်ယူပြီးမှ ဘ၀ကြင်ဖော်အဖြစ် ရွေးချယ်လေ့ရှိသည်။ အိမ်ထောင်ဖက်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိသော်လည်း မိဘများ၏ သဘောတူညီချက်ကို အဓိကထားကြသည်။ တစ်ဦးနှင့်တစ်ဦး မည်သို့ပင် အသက်ပေးချစ်ကြိုက်စေကာမှု နှစ်ဖက်မိဘများ ကြည်ဖြူခွင့်ပြုခြင်းမရှိပါက လက်ထပ်ခြင်းမပြုကြချေ။ အများအားဖြင့် မိဘများကလည်း ကြည်ဖြူခွ့င့်ပြုခြင်းသာ ရှိခဲ့သည်။ ချစ်သူဘ၀ဖြင့်သာ အကြောင်းမညီညွတ်၍ ကွေကွင်းရသူတို့က တစ်ချိန်မှာ ခမည်းခမက်တော်ကြရအောင်ဆို၍ သစ္စာပြုကြသည်။

မိဘစကားကို မပယ်လှန်သူတို့သည် သာယာသောအိမ်ထောင်ကို ထူထောင်နိုင်ပြီး စီးပွားတိုးတက် ချမ်းသာသည်ဟု ခံယူထားကြသည်။ သို့ကြောင့် နှစ်ဖက်မိဘတို့က ကြည်ဖြူခွင့်ပြုချက်သာ လက်ချည်မင်္ဂလာကို ပြုကြသည်။

မျက်မှောက်ခေတ်တွင် ချစ်သူဘ၀ဖြင့် သုံးနှစ်သုံးမိုး အချိန်ယူ၍ လက်ထပ်သူများ မရှိသလောက် ရှားလာသည်။ တောကျေးလက်အချို့နှင့် ပုဂ္ဂိုလ်အချို့တို့သာ ကျင့်သုံးခြင်းရှိကြသည်။ နှစ်ဖက်မိဘသဘောတူ ခွင့်ပြုချက်ကိုလည်း လိုက်နာသူများ အလွန်နည်းလှသည်။ ခေတ်နှင့်အညီရှိလာသော မိဘရှင်တို့ကလည်း သားသမီးတို့၏ လွတ်လပ်သော ကြင်ဖက်ရွေးချယ်ခွင့်ကို မဟန့်တားတော့ချေ။ သို့ရာတွင် ထိမ်းမြားရာ၌ လက်ချည်မင်္ဂလာပြုသော အစဉ်အလာကို ရိုးရာမပျက် အမြတ်တနိုးထိန်းသိမ်းကြသည်။ (အရှေ့ပိုးကရင်နှင့် ဒူဝေရိုးရာအကြောင်းကို ဆက်လက်ဖော်ပြပါအုံးမည်)

0 comments: