ပန်းရည်စုပ်ငှက်များ



ဒီပုံပြင်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်။ ပန်းရည်စုပ်ငှက်ဆိုတာ ခန္ဓာကိုယ်အရှည်က တစ်ဆယ်စင်တီမီတာထက် ငယ်ပြီးတော့အလွန်လှပပါတယ်။ အရောင်စုံတဲ့ နေရောင်ခြည် ချည်မျှင်များနဲ့  ရက်ထားသလို အလွန်လှပရွှန်းစိုတဲ့ သက်တန့် ရောင်စုံ အမွှေးတွေက သူတို့ ကိုယ်ကို ဖုံးအုပ်ထားပါတယ်။ အဲဒီငှက်တွေဟာတောက်ပတဲ့ တောင်ပေါ်ပန်းတွေကြားမှာ ရဟတ်ယာဉ်တွေလို ရစ်ဝဲနေကြပါတယ်။ ပန်းမျိုးစေ့ အိမ်ထဲကို အပ်သွားပုံ သူတို့ ရဲ့  နှုတ်သီးတွေကို ထိုးသွင်းပြီး ပန်းဝတ်ရည်များအား စုပ်ယူနေတာကို မြင်တွေ့ ရပါတယ်။

မင်ဂွမ်းနွန်းရွာ နောက်ကျောမှာ ကြည်လင်တဲ့ ချောင်းရေက စီးဆင်းနေပါတယ်။ ချောင်းနံဘေးမှာတော့ အရွက်တွေ ထူထပ်သိပ်သည်းစွာ ပေါက်နေတဲ့ သရက်ပင်ကြီး တစ်ပင်ရှိပါတယ်။ သေးငယ်တဲ့ ပန်းရည်စုပ်ငှက်အပေါင်းတို့  ကြီးစိုးရာနယ်မြေဖြစ်ပြီး သစ်ကိုင်းအားလုံးနီးနီးပေါ်မှာ ရွံ့ နဲ့ မြက်ပင်တွေနဲ့  ဖန်တီးထားတဲ့ ငှက်သိုက်တွေက တစ်ခုနဲ့ တစ်ခု လက်မအနည်းငယ်စီသာ ခြားပြီး အစုလိုက်အပြုံလိုက် ရှိနေကြပါတယ်။

မနက်လင်းရင် ငှက်အုပ်ကြီးဟာ ကောင်းကင်ပေါ်မှာ လှပတဲ့သက်တန့် ပုံဖွဲ့ ပြီး အစာရှာထွက်ကြပါတယ်။ ညနေဆည်းဆာ ငှက်အုပ် ပြန်နားတဲ့အခါ သစ်ပင်ကြီးတစ်ခုလုံး ရောင်စုံဖုံးအုပ်သွားပါတယ်။ ပန်းရည်စုပ်ငှက်ဥတွေ သားပေါက်ချိန်မှာတော့ ငှက်ဖိုတွေက ပြန်ထွက်သွားလိုက် ပြန်ဝင်လာလိုက်နဲ့  အသိုက်ရှေ့မှာ နားနေတဲ့ငှက်မတွေကို အစာခွံ့နေကြပါတယ်။


ကျွန်တော်ဟာ စမ်းချောင်းလေး နံဘေးမှာ ရေဆင်းချိုးနေတုန်း ရုတ်တရက် ငှက်တွေရဲ့  အလန့် တကြား စူးစူးရှရှ အော်သံတွေ ကြားလိုက်ရပါတယ်။ ကျွန်တော် ကြည့်လိုက်တော့ တောကြီးမြွေဟောက်တစ်ကောင်ဟာ သစ်ပင်ပေါ်တက်ပြီး သစ်ပင်အထွတ်ထဲ ၀င်သွားတာ မြင်လိုက်ရပါတယ်။ ၆ မီတာလောက်ရှည်ပြီး ကြီးထွားကာ သန်မာတဲ့ခန္ဓာကိုယ်နဲ့  လျှင်မြန်စွာလှုပ်ရှားနိုင်လို့  ကျား၊ ကျားသစ်လို ကြမ်းကြုတ် ရက်စက်တဲ့ သတ္တ၀ါများတောင် တောကြီးမြွေဟောက်ကို ဝေးဝေးကရှောင်ရှား ကြောက်ရွံ့ ကြရပါတယ်။ လူကိုပေါက်မိရင် တစ်နာရီမပြည့်ခင် အသက်ပျောက်သွားတတ်ပါတယ်။

ကျွန်တော်လည်း အရွက်ဖားဖားကြီးတွေအောက်မှာ ကမန်းကတန်းပုန်းပြီး အပေါက်သေးသေးလုပ်ကာ ချောင်းကြည့်နေမိပါတယ်။ တောကြီးမြွေဟောက်ဟာ ပင်မြင့်က သစ်ကိုင်းတစ်ကိုင်းမှာ အမြီးကို ချိတ်၊ လေထဲမှာ ဆိုင်းဆွဲ ပြီး တန့် နေတာ တွေ့ ရပါတယ်။ ဦးခေါင်းကို ပတတ် ရပ်၊ ပါးပျဉ်းကို ပြန့် ကားထားပြီးခရမ်းရောင် လျှာ ကလည်း ဆတ်ကနဲ့ထွက်လာကာ ငှက်သိုက်တွေထဲကို လှစ်ကနဲ ငှက်ဥတစ်လုံးပြီးတစ်လုံး နှိုက်ယူစားသုံး နေပါတော့တယ်။

ပရိဒေ၀မီး တောက်နေကြတဲ့ ငှက်မတွေဟာ သူတို့ ရဲ့ အသိုက်ဝန်းကျင် သစ်ပင်ပတ်လည်မှာ ပျံဝဲကာ အော်မြည်နေကြပါတယ်။ မကြာမီ ပန်းဝတ်ရည် စုဆောင်းရာမှ ရောက်လာတဲ့ ငှက်ဖိုတွေဟာ တိမ်စိုင်တစ်ခုပမာ သစ်ပင် ကြီး အပေါ်မှာ ပျံဝဲရောက်ရှိလာကြပါတယ်။ ငှက်အချို့ဟာ သစ်ပင်ထိပ်ဆီကို ကျွမ်းထိုးချကြပါတယ်။ တချို့ က တောကြီးမြွေဟောက်ရဲ့  ရက်စက်ကြမ်းကြုတ်မှုကို စူးစူးဝါးဝါးကြည့်ကာ လေထဲမှာ ပျံဝဲငိုယိုနေကြသလို မြင်တွေ့ နေရပါတယ်။ သနားစရာကောင်းလှတဲ့ ငှက်ကလေးတွေဟာ သူတို့ ရဲ့ ဥကလေးတွေ သားပေါက်ကလေးတွေ ၀ါးမြိုခံနေရတာကို ကြည့်ပြီး ပြန်ခုခံဖို့  အားနည်းလှလို့  ဘာမှမလုပ်နိုင်ဘဲ မကျေမနပ် ငိုယိုနေကြပေါ့လို့  ကျွန်တော်က တွေးနေမိပါတယ်။

သစ်ပင်ဘယ်ဘက်ပိုင်းက ငှက်သိုက်တွေလည်း ဟောင်းလောင်းဖြစ်သွားကာ တောကြီးမြွေဟောက်က ညာဘက်ကအပိုင်းကို ခေါင်းလှည့်လိုက်ပါတယ်။ တောကြီးမြွေဟောက်နဲ့  အမြင့်ချင်းတူရာ လေထဲမှာပျံဝဲနေတဲ့ အမြီးနှစ်ခွနဲ့  ပန်းရည်စုပ်ငှက်တစ်ကောင်ဟာ ရုတ်တရက် အမြင့်ကိုပျံတက်သွားပါတယ်။ အတောင် နှစ်ဖက်ကိုမြဲမြံစွာ သိမ်းသွင်းပြီး မြွေဟောက်ရဲ့  ခေါင်းတည့်တည့်ကို ထိုးစိုက် ဆင်းသက်လိုက်ပါတယ်။ ရှည်လျားတဲ့အသံကို ပြုပြီး အပ်ချွန်ပုံနှုတ်သီးနဲ့  မြွေဟောက်မျက်လုံးကို ထိုးဖောက်ဖို့ ရည်ရွယ်ပေမဲ့ မြွေဟောက်ဦးခေါင်းကိုရောက်ဖို့  တစ်မီတာအလိုမှာ မြွေဟောက်က ပါးစပ်ပေါက်ကို ဖြဲဟထားလို့  ကြီးမားတဲ့ညှို့ ဓာတ်က ဆွဲယူလိုက်သည့်နှယ် ငှက်ကလေးခမျာ မြွေဟောက်ရဲ့ မဲမှောင်တဲ့ အာခံတွင်းထဲ ကျဆင်းသွားရပါတယ်။

မိမိတို့ ရဲ့ ဥတွေကို အကာအကွယ်ပေးဖို့ အသက်စွန့် ဖို့ ကြိုးစားတဲ့ ငှက်ကလေးတွေရဲ့  သနားစရာအဖြစ်ကိုကြည့်ပြီး ကျွန်တော်ခံစားရပါတယ်။ တခြားပန်းရည်စုပ်ငှက် တစ်ကောင်လည်း အပေါ်ကိုပျံတက်သွားပြီး မြွေဟောက်ရဲ့  ဦးခေါင်းတူရူသို့  ထိုးစိုက်ချပြီး ပထမငှက်ရဲ့ နမူနာအတိုင်း လိုက်လုပ်ပြန်ပါတယ်။ သူလည်း မြွေဟောက်ရဲ့  ၀မ်းဗိုက်တွင်းနက်ကြီးထဲ ဆွဲယူခြင်း ခံလိုက်ရပါတယ်။ မြွေဟောက်ကြီးဟာ ရာဂစိတ် နိုးကြားတက်ကြွပြီး ခေါင်းတရမ်းရမ်း လျှာတန်းလန်းနဲ့ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။

အဲဒီအခါမှာ သူရဲကောင်းစိတ်နဲ့  စွန့် လွတ်အနစ်နာခံစိတ်များ ငှက်အုပ်အတွင်းပျံ့ နှံ့ သွားသလို ငှက်တွေအားလုံး အကုန်နီးပါး အပေါ်ကိုပျံတက်လိုက်ကြပါတယ်။ မြွေဟောက်ရဲ့ ဖွင့်ထားတဲ့ ပါးစပ်ပေါက်နဲ့  ကောင်းကင်အကြား ရောင်စုံအဖွဲ့ ကြီးတစ်ခု ဖြစ်ပေါ်လာပါတယ်။ ငှက်တွေဟာ နှစ်ကောင်တွဲ၊ သုံးကောင်တွဲ၊ မြွေဟောက်ရဲ့  ဦးခေါင်းတည့်တည့် ထိုးစိုက် ချလိုက်ကြပါတယ်။ ပန်းရည်စုပ်ငှက်တွေ မြွေဟောက်ရဲ့  ပါးစပ်ပေါက်မှ ၀မ်းဗိုက်ထဲ ဘယ်နှစ်ကောင် ကျရောက်သွားတာ ကျွန်တော် တိကျစွာမရေတွက်နိုင်တော့ပါ။ မြွေဟောက်ဝမ်းဗိုက်ကြီးလဲ လည်ပင်းကြီးရောဂါလို ဖောင်းကားကာ နောက်ဆုံးမှာ ပြည့်လွန်းမက ပြည့်လာလို့  ပါးစပ်ပိတ်သွားပါတော့တယ်။ နှောင့်နှေးခြင်းမရှိဘဲ ပန်းရည်စုပ်ငှက်နှစ်ကောင်ဟာ မြွေဟောက်ခေါင်းကို ထိုးနှက်လိုက်ပါတယ်။ အပ်ချွန်လိုနှုတ်သီးတွေနဲ့  မြွေဟောက်ရဲ့  မျက်လုံးအစုံကို ထိုးဖောက်လိုက်ပါတယ်။ တောကြီးမြွေဟောက် သဲကြီးမဲကြီး လှုပ်ရှားနေတာ တွေ့ လိုက်ရပါတယ်။

နာကျင်ဒေါသအိုး ပေါက်ကွဲ နေပြီး တစ်ချက်ပေါက်လိုက်ရာ ငှက်နှစ်ကောင် မြွေဟောက်ပါးစပ်ထဲ ရောက်သွား ပြန်ပါတယ်။ တုန်လှုပ်ကြောက်ရွံ့  သွားဖို့ နေနေသာသာ ငှက်တွေဟာတိုက်ပွဲကို အရှိန်မြှင့်လိုက်ပါတယ်။ မြွေဟောက်ရဲ့  ခေါင်းပေါ်ကို ငှက်မိုးရွာချလိုက်သလို မြွေဟောက်ရဲ့  မျက်ခွံ မဲ့နေတဲ့ အားနည်းချက်နေရာ မျက်လုံးအစုံအား ထိုးဖောက်လိုက်ကြပြန်ပါတယ်။ မြွေဟောက်ရဲ့  မျက်လုံးအစုံက သွေးတွေစထွက်လာပြီး နောက်ဆုံးမှာ ငှက်တွေရဲ့  ကြောက်စရာကောင်းတဲ့ စည်းလုံးညီညွတ်စွာ ထိုးနှက်တိုက်ခိုက်မှုကို မရှောင်ရှားနိုင်တော့ဘဲ ဦးခေါင်းနိမ့်ကျသွားကာ သစ်ပင်ပေါ်က လျှောဆင်းသွားပါတော့တယ်။ ပါးပျဉ်းလည်း ပျော့ကျသွားပြီး အနိုင်ကျင့်မှုလည်း ချုပ်ငြိမ်းသွားပါတော့တယ်။

သူ့ အပေါ်ငှက်တွေက အုံကျင်းဖွဲ့  နားလိုက်ကြပြီး ဦးခေါင်းကို ကြောက်မက်ဖွယ်ရာ ထိုးဖောက်နေရာ မြွေဟောက်လည်း ၀က်ရူးပြန်နေသူလို တွန့်လိမ်နေပါတယ်။ နောက်ဆုံး မြေပြင်ပေါ် ဘုတ်ကနဲ မြည်ကာ ကျသွားပါတော့တယ်။ မသေတသေ ဖြစ်နေတဲ့ မြွေဟောက်အပေါ်မှာ ငှက်အုပ်ဟာ ငှက်စောင်ခြုံသလို အောင်ပွဲခံလိုက်ပါတော့တယ်။ ငှက်ကလေးတွေရဲ့  စည်းလုံးညီညွတ်မှုကြောင့် မြွေဟောက်ဟာ ဆွေးမြေ့နေတဲ့ ကောက်ရိုးကြိုးတစ်ချောင်းလို မြေကြီးပေါ်မှာ အသက်ပျောက်သွားရပါပြီ။ မြွေဟောက်အသေကောင်ရဲ့  ပတ်လည်မှာတော့ ပန်းပွင့်ကြွေတွေ ကြဲဖြန့် ထားသလို ရောင်စုံငှက်သေတွေဟာ ပြန့်ကျဲနေပါတော့တယ်။

လှပပြီးသေးငယ်တဲ့ သတ္တ၀ါငှက်ကလေးတွေမှာ ရဲရင့်တဲ့အသည်း မရှိဘူးလို့  မထင်လိုက်ကြပါနဲ့ ။ ဒီပုံပြင်ကိုဖတ်ရူပြီး တစ်စုံတစ်ခု ခံစား ကျန်ရစ်နိုင်ပါစေ။ (ခင်မြင့်အောင်)

0 comments: