ဖားစည်နှင့် ကရင့်ပုံပြင်


ဖားစည်နှင့်ပတ်သက်၍ အရှေ့ပိုးကရင်တို့တွင် ပုံပြင်တစ်ရပ်ရှိသည်။ ရှေးအခါက 'ဖူ့ဒိုင်' အမည်ရှိသော အဘိုးအိုတစ်ဦး ရှိလေသည်။ ဖူ့ဒိုင်သည် အိမ်ထောင်ပြုခြင်းမရှိ။ လူပျိုကြီးဖြစ်ပြီး တောင်ယာလုပ်ကိုင်၍ အေးချမ်းစွာနေထိုင်လေသည်။ ဖူ့ဒိုင်သည်ရိုးသားပြီး စိတ်ထားမြင့်မြတ်၍ လူအများက လေးစားကြည်ညိုကြသည်။

နှစ်တစ်နှစ်တွင် ဖူ့ဒိုင်သည် ရွာနှင့်အလှမ်းဝေးသော တောင်ပေါ်တစ်နေရာတွင် တောင်ယာလုပ်ကိုင်လေသည်။ ထိုနှစ်တွင် ဖူ့ဒိုင်တောင်ယာမှ အသီးအနှံများဖွံထွား၍ အလွန်ကောင်းမွန်လေသည်။ ဖူ့ဒိုင်တောင်ယာမှ အသီးအနှံများကို မျောက်များက နေ့စဉ်လာရောက် ချိုးယူစားလေသည်။ ဖူ့ဒိုင်က စိတ်ထားကောင်းသူပီပီ မျောက်များကို အော်ဟစ်မောင်းထုတ်ခြင်းများအပ အနာတရဖြစ်အောင် မပြုချေ။ သို့ကြောင့် မျောက်တို့က အတင့်ရဲနေကြလေသည်။ တစ်နေ့ထက်တစ်နေ့ မျောက်အုပ်မှာ များများ၍လာ၏။

တစ်ချိန်တွင် ဖူ့ဒိုင်က အကြံတစ်ခုရလေသည်။ ထိုအကြံမှာ မျောက်အုပ်များကို နောင်အခါ မိမိတောင်ယာကို လာရောက်မဖျက်ဆီးရန် မျောက်အကြီးအကဲကို တောင်းပန်ပြောပြမည်ဟု အကြံရလေသည်။ တစ်နေ့တွင် ဖူ့ဒိုင်သည် မိမိနှာဝတွင် တောမြက်ရိုင်းပွင့်ထိုးထားပြီး သေဟန်ဆောင်နေလိုက်သည်။

ထိုနေ့တွင် မျေက်အုပ်များရောက်လာပြီး ဖူ့ဒိုင်အောင်ဟစ်သံ မကြား၍ ထူးဆန်းနေကြသည်။ သို့ကြောင့် တဲအနီးသို့ ချဉ်းကပ်ပြီး ဖူ့ဒိုင်ကို ချောင်းမြောင်းကြည့်ရှုကြရာ ဖူ့ဒိုင်သေဆုံးနေသည်ကို တွေ့ရပြီး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ကြကုန်လေသည်။ ဖူ့ဒိုင်သေဆုံး၍ ၀မ်းနည်းပက်လက်ဖြစ်ပြီး ငိုယိုကြလေသည်။

ထိုအခါ မျောက်တို့က သူတို့၏ကျေးဇူးရှင် ဖူ့ဒိုင်အလောင်းကို ကောင်းမွန်စွာသင်္ဂြိုဟ်ရန် သယ်ဆောင်သွားကြလေသည်။ ဖူ့ဒိုင်သည် မျောက်တို့၏ အပြုအမူကို အလွန်ရယ်ချင်နေသည်။ သို့သော် အဆုံးအထိ စောင့်ကြည့်ရန်အကြံရပြီး ဆက်လက်သေဟန်ဆောင်နေသည်။

မျေက်အုပ်တို့က ဖူ့ဒိုင်အလောင်းကို တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကျော်၍ သယ်ဆောင်သွားလေရာ နေ၀င်ချိန်တွင်မျောက်တို့တိုင်းပြည်ကို ရောက်ရှိသွားလေသည်။ ဖူ့ဒိုင်အလောင်းကို တောပန်းတို့ဖြင့် ပြင်ဆင်ပြီး မျောက်ထီးပျို၊ မျောက်မပျိုတို့က လိပ်ပြာအိမ် အလောင်းထားရာစင်ကိုလှည့်ပြီး ဖူ့ဒိုင်ကျေးဇူးကိုဖော်ထုတ်ကာ တေးကဗျာ၊ လင်္ကာများကို အော်ဟစ်သီဆိုကြလေသည်။ တချို့ မျောက်တို့က ၀မ်းနည်းပက်လက်ဖြင့် ငိုယိုနေကြသည်။

ဖူ့ဒိုင်အလောင်းစင်ကို တစ်ညလုံးလှည့်ပြီး နံနက်မိုးလင်းသောအခါ မျောက်ဘုရင်ကြီး ရောက်လာလေသည်။ မျောက်ဘုရင်သည် ရွှေဖားစည်၊ ငွေဖားစည်၊ လိုတရဖားစည် သုံးလုံးဖြင့် အလောင်းစင်ကိုလှည့်ပြီး တီးခတ်လေသည်။ သေဟန်ဆောင်နေသော ဖူ့ဒိုင်သည် မျောက်တို့၏ အပြုအမူကို အလွန်ရယ်ချင်နေသည်။ ကြာကြာဟန်မဆောင် မအောင့်နိုင်သော ဖူ့ဒိုင်သည် နှာဝတွင်ပိတ်ထားသော တောမြက်ရိုင်းပွင့်ကိုထုတ်ပြီး ချေဆတ်လိုက်ရာ မျောက်အုပ်ကြီးက ဖားစည်တီး ရပ်လိုက်လေသည်။ ထိုအခါ ဖူ့ဒိုင်က မတ်တပ်ရပ်လိုက်ပြီး တအားအော်ဟစ်လိုက်ရာ မျောက်အုပ်တို့ ကြောက်လန့်ပြီး ထွက်ပြေးကြကုန်လေသည်။

ဖူ့ဒိုင်သည် ဖားစည်များကိုကောက်ယူပြီး ဖားစည်ကိုတီးလိုက်သည်နှင့် လိုတရ ဖားစည်တန်ခိုးကြောင့် ချက်ချင်းပင် မိမိတောင်ယာသို့ ပြန်လည်ရောက်ရှိလေသည်။ နောင်အခါ ဖူ့ဒိုင်သည် ဖားစည်တီးလိုက်သည်နှင့် မျောက်အုပ်တို့သည် မလာဝံ့တော့ချေ။ ဖားစည်တန်းခိုးကြောင့် တောင်ယာအသီးအနှံများလည်း အထွက်တိုးလာစေလေသည်။ နောင်အခါ ဖူ့ဒိုင်သည် ဖားစည်တန်ခိုးကြောင့် အကြီးအကဲ ဖြစ်လာလေသည်။ ဤသည်ကိုအစွဲပြု၍ ကရင်လူမျိုးတို့က ဖားစည်ကို သွန်းလုပ်ကြလေသည်။ ထိုမှစ၍ ကရင်လူမျိုးတို့က ဖားစည်ရှိပါက သြဇာအာဏာရှိကြောင်း၊ ကြီးပွားတိုးတက်ကြောင်း၊ ဖားစည်ကို စပါးကျီတွင် ထားရှိပါက စပါးများတိုးပွား၍ စပါးများအစားခံ အကုန်နည်းကြောင်း ယူဆယုံကြည်ကြလေသည်။

ဖူ့ဒိုင် လွန်ပြီးနောက်တွင် လူတို့က လောဘရမ္မက်ကြီးထွားလာပြီး သီလသမာဓိလည်း မမြဲပဲရှိကြလေရာ လိုတရဖားစည်လည်း ကွယ်ပျောက်သွားလေသည်။ ထိုမှစ၍ ဖူ့ဒိုင်ဖားစည်ကို အတုယူပြီး သွန်းလုပ်ကြလေရာ ဖားစည်အစ ဖူ့ဒိုင်က ဟူ၍ မျက်မှောက်တိုင် ပုံပြင်စကားအဖြစ် တည်ရှိနေလေသည်။

(မှတ်ချက်။ ။ ဖူ့ဒိုင်ပုံပြင်နှင့်ဆင်တူ ဖူ့မော်တော် ဖားစည်ပုံပြင်လည်း မူကွဲရှိပေသည်။ ဖူ့မော်တော် ဖားစည်ပုံပြင်သည် စကောကရင်တို့၏ ပုံပြင်ဟူ၍ ပိုးကရင်လူကြီးများကဆိုကြသည်။)

0 comments: