ငါ၏ဖခင်၊ မသေခင်က
ငါ့ကိုခေါ်ကာ ဤသို့မှာ၏။
ငါ့သားနားစိုက် ဖ, မှာလိုက်မည်
စိတ်၌စွဲရစ်၊ မမေ့ဖြစ်နှင့်
ဥယျာဉ်ခြံတွင်း၊ ပန်းစိုက်ခင်းဝယ်
နုနယ်စိမ်းစို၊ ဖူးပွင့်လိုသည့်
ပန်းပျိုတစ်ပင်၊ သားဖခင်သည်
မြေတွင်ပျိုးခါ စိုက်ထားခဲ့ပါ၏။
ပန်းပွင့်သည်ထိ ဖ, မရှိလည်း
ဖ၏တာဝန်၊ သားကျေပွန်တော့
မြေဆွေးကိုချ၊ အေးမြရေသွင်း
ပေါင်းမြက်ရှင်းပြီး၊ ကြိုင်သင်းရနံ့
လှိုင်၍ပျံ့အောင် ထားစွမ်းဆောင်လော။
သည်ပန်းပင်မှ လှပရောင်စုံ
ရနံ့ထုံမွှေး၊ ပန်းငုံလေးတွေ
ဖူးပွင့်ဝေသော် ၊ဆွေစဉ်မျိုးဆက်
ခေါင်းထက်ပန်ဆင်၊ စိတ်ကြည်လင်စွ
မျိုးဂုဏ်မညိုး၊ လွန်၍တိုးလိမ့်
အမျိုးလဲမှန်၊ ဖိုးတန်ပန်းမို့
သားတို့တစ်တွေ၊ စည်ပင်ဝေအောင်
စွမ်းဆောင်လျက်နှင့် မျိုးဂုဏ်မြင့်လော။
ဖခင်မှာကြား ထိုစကားတွေ
နားထဲခါခါ၊ ကြားယောင်ပါဆဲ
ဖ, မှာသည့်တိုင် မဆိုင်းမတွ
စွမ်းဆောင်ပြဖို့ ငါ့မှာတာဝန်ရှိချေပြီ။
အကယ်၍သာ ငါ့မှာတာဝန်
မကျေပွန်က၊ တမလွန်မှ
ငါ့အဖသည် နှလုံးစိတ်ဝမ်း
မချမ်းမြေ့လိမ့်။
ထို့ကြောင့်ပင်လျှင် ငါ၏ရင်ဝယ်
ဆွေစဉ်မျိုးဆက်၊ ခေါင်းထက်၌ပန်
စိတ်ကြည်ရန်နှင့် ဆန္ဒပြင်းပြ
ငါ့အဖတွက် ရည်ရွယ်ချက်ဖြင့်
လုံ့လဆင့်၍ ပန်းပွင့်သည်ထိ
ဇွဲရှိရှိနှင့် ငါ၏တာဝန်ကျေတော့အံ့။
0 comments:
Post a Comment