တို့တစ်တွေ တိုးတက်ဖို့လိုသေးတယ်။ ကြိုးစားကြမယ်လေ၊ ဒီထက်မက အမျိုးဂုဏ်မြင့်ကြစို့။ အေးအေးကြီးနဲ့ နောက်ကျန်မနေပါနဲတော့။
မယုံနိုင်အောင် တိုးတက်ပြောင်းလဲတဲ့ ဒီခေတ်ကြီးမှာ ပြဒါးလင်းဂူထဲ သွားအိပ်နေချင်သေးလာ။ ကိုယ့်စာ၊ ကိုယ့်စကား၊ ကိုယ့်အမျိုးသားကို မြင့်မြင့်မားမား မမြင်ချင်ဘူးလာ။ နိုင်ငံအလယ် ကမ္ဘာ့အလယ်မှာ ခေါင်းမတ်ပြီး ခိုင်ခိုင်မာမာရပ်နေတာ မမြင်ချင်ဘူးလာ။ အိပ်မက်မက်ရုံနဲ့ အပြင်မှာမမျှော်လင့်နဲ့။ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ်နိုင်သမျှရင်းကြပါစို့။ အတော်များများ အားနည်းပေမဲ့ တို့မှာ ဖြူစင်ရိုးသားမှု၊ သစ္စာတရား....ဒါတွေတော့ အမြောက်အများကိုပိုင်တယ်။ ဒါပေမဲ့ ဒါ့ထက်ပိုပြီး မ၀င့်ကြွားချင်ဘူး။
ဘယ်လောက်ပဲ ရဲသွေးနီနီ ခေတ်မမီတော့ နယ်ချဲ့လက်အောက် ရောက်ခဲ့သေးတာပဲ။ ဒီတော့ ဒါ့ထက်မက ပိုင်နိုင်အောင် ကြိုးစားကြမယ်လေ။ တို့တွေက အနှစ်ရှိပြီပဲ၊ အုတ်မြစ်ကောင်းရှိပြီပဲ။ အပေါ်ယံကို ဆက်မွမ်းမံကြရအောင်။ တခြား အရည်အသွေးကောင်းတွေ ထပ်ဆင့်ကြရအောင်။ အဆက်မပြတ် စီးဆင်းနေတဲ့ အဟုန်ပြင်းပြင်း ခေတ်ရေစီးကြောင်းထဲ တို့လည်း အင်တိုက် အားတိုက် လိုက်ကြရအောင်။ တက်ကုန်၊ ရွက်ကုန်၊ စက်ကုန်ဖွင့်ကြရအောင်။ ဒါပေမဲ့....၀င်တိုက်မှ ကျောက်ဆောင်မှန်းသိ မဖြစ်ရအောင် ၀င်လာတဲ့အမှိုက် ဖယ်ရှားပစ်နိုင်အောင် ကိုယ့်ကိုယ်ကို အရာရာပြည့်ဝအောင် ဖြည့်ထားကြရမယ်။
ပညာရေးကို အားပေးကြစို့။ တို့တစ်တွေ အသိဉာဏ်ကို ၀ါးဆစ်ဘူးထဲထည့်ပြီး ၀ါးလုံးခေါင်းထဲမှာပဲ လမသာခိုင်းပါနဲ့တော့။ လွင်ပြင်ကျယ်ထဲ လွတ်လွတ်လပ်လပ် ဖြန့်ကျဲလိုက်ကြစို့။ ရေပြင်သမုဒ္ဒရာတစ်ခွင်မှာ နှံ့စပ်မယ်။ ကောင်းကင်ဝေဟင် တကြောမှာ မမောပန်းတမ်း အတောင်ဖြန့်ကြစို့။ တို့နှလုံးထဲ ဦးနှောက်ထဲ...တစ်ကမ္ဘာလုံးက ပညာရပ်တွေ သိုမှတ်ကြမယ်။ ပညာ့ဆီမီးဟာ ဆင့်ပွားယူလို့ ကုန်တာမှမဟုတ်တာ။ အတွေးအခေါ်တွေ၊ အရည်အသွေးတွေ ဒီထက်နက်အောင် ဆက်ပြီး တူးဆွကြစို့။ ပညာရေး၊ စီးပွားရေးအားလုံး တို့တစ်တွေ နှေးလွန်းနေသေးတယ်။ လူမျိုးအရေး၊ နိုင်ငံ့အရေးကို ရှေ့တန်းကထမ်းရွက်ရအောင် မြင့်မြင့်မားမားက လှုပ်ရှားကြရအောင်။
''အနန္တသူရိယဆိုသလို တို့ဘ၀ဟာ ရေပွက်ပမာ ခဏတာ'' ပါပဲ။ ဒါပေမဲ့....ပွက်မိပြီဆိုမှတော့ သာမန်ထက်ပိုပွက်ရအောင်။ လူဖြစ်လာပြီး အသက်အရွယ်ကြီးလို့ ကိုယ့်ဘ၀နောက်ကြောင်းကို ပြန်ကြည့်ရင် ကိုယ့်ဘ၀မှာ မှတ်တိုင်မဲ့နေရင် သင် ကျေနပ်နိုင်မလား။ ငါဟာ ဘာအတွက်မှ အသုံးမကျခဲ့သူလို့ သင့်ကိုယ်သင်ထင်ချင်သလား...။ ကိုယ့်သားမြေး နောင်လာနောက်သားတွေကို ငါဘယ်လိုလုပ်ခဲ့တာကွလို့ မ၀င့်မကြွားချင်ဘူးလာ။ ဂုဏ်မယူချင်ဘူးလာ။ မင်းတို့လည်း ဘယ်လိုသွားပါလိမ့် လမ်းညွှန်ပြသူမဖြစ်ချင်ဘူးလာ။
တစ်ကိုယ်ကောင်းဆန်သူတွေ စိတ်ချမ်းသာမယ်လို့ သင်ထင်နေလား။ ကိုယ့်တစ်ဝမ်းတစ်ခါးနဲ့မှ မှေးမနေချင်ကြပါနဲ့။ အများကောင်းကြိုးအတွက် ကြိုးစားကြမယ် ပိုမကောင်းဘူးလာ။ ဘုရားလောင်းစိတ်ထား မွေးကြစို့။ ကိုယ်တစ်ယောက်ငြိမ်းဖို့ထက် အများအတွက် လုပ်ကြမယ်လေ။ သူတစ်ပါးနောက် အောက်ကျ နေချင်လို့လား။ လူဖြစ်လာမှတော့ ကိုယ်တစ်ခုတည်း ကွက်နေလိုတော့မရဘူး။ ငိုင်မနေနဲ့၊ ငေါင်မနေနဲ့၊ တွေဝေမနေနဲ့။ ကိုယ့်စိတ်ဓါတ်တွေလည်း ကိုယ်မြှင့်တင်ရမယ်။ ရှိပြီးသား ချစ်စရာ့ဘိုးဘွားအမွေကိုလည်း မပျောက်ပျက်ပါစေနဲ့။ မမေ့ပစ်လိုက်ပါနဲ့။
လူကြီးများ လက်ဆင့်ကမ်းပေးကြပါ။ လူငယ်များ မိုးရွာစဉ် ခံယူစရာ အသင့်ပြင်ထားပါ။ အပင်ပန်းခံပေးကြပါ။ ဒီလိုမှမဟုတ်ရင် အမျိုးပျောက်သွားပါမယ်။ ကိုယ့်ရှေ့မှာ သက်သေသာဓကတွေရှိပါတယ်။ တို့အမျိုးသား၊ အမျိုးသမီးတွေလည်း စောင့်ထိန်းကြရမဲ့ ''စောင့်လေမျိုးနွယ်'' ဆိုတဲ့ အမျိုးစောင့်တရား လက်ကိုင်ထားကြပါ။ နီးစပ်မှုမရှိရင် တဖြည်းဖြည်း ဝေးကွာသွားပါလိမ့်မယ်။ ပုခက်လွှဲတဲ့လက်တွေလည်း လူသားအပင်လောင်းတွေကို ကောင်းစွာရှင်သန်ကြီးထွားအောင် ဂရုစိုက်ကြစို့။ ပြုစုပျိုးထောင်ပေးကြစို့။ ရေလောင်းပေါင်းသင်ပေးကြစို့။
International စကားလည်းလေ့လာကြပါ။ ကိုယ့်စာနဲ့စကားကိုလည်း တစ်နေရာတော့ ပေးကြပါ။ မသုံးတဲ့ဓါး ကြာကြာထားရင် တုံးတယ် သံချေးတက်တယ်။ တို့စကားတွေ တုံးသွားအုံးမယ်။ ပညာရပ်အမျိုးမျိုးတွေမှာ စကားလုံးဝေါဟာရ အသစ်တွေ အဆက်မပြတ် တိုးလာကြတယ်။ တို့စာနဲ့စကားရော....တိုးတက်ပါစေ။ အထူးသဖြင့် မိဘများ ဂရုစိုက်ပေးကြပါ။ မိဘတွေမှ ပြောမပေးရင် ကလေးတွေက ဘာသိသေးလို့လဲ။ အနာဂတ်ရဲ့ ခေါင်းဆောင်များဟာ သင်တို့မှာ မှီခိုနေပါတယ်၊ မူတည်နေပါတယ်။ ကိုယ့်စကား ကိုယ်မှမပြောရင် ဘယ်သူလာပြောမလဲ။ ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှု ကိုယ်မှမထိန်းရင် ဘယ်သူလာထိန်းမလဲ။ အချို့လူမျိုးတွေလို သူများစာ ယူမသုံးရပါဘူး။ ကိုယ်ပိုင်စာ၊ စကားနဲ့ ၀င့်ကြွားနေနိုင်ပါတယ်။ ဘိုးဘွားများချန်ခဲ့ရဲ့သားနဲ့ အလှည့်ကျ မနွဲကြစတမ်းလေ။
အားလုံးတစ်စုတစ်ဝေးတည်း ရှေ့ချီကြစို့။ ရှေ့ကသွားနိုင်တဲ့သူတွေ သွားပေးပါ။ ခေါင်းမဆောင်နိုင်သူတွေ နောက်လိုက်တာဝန်တော့ ကျေပွန်ရမယ်။ ကိုယ့်လက်ထဲမှာ ရာဇ၀င်အမည်းစက် မထင်စေနဲ့။ ကိုယ်စွမ်းရှိသလောက် မြင့်မားစေရအောင် အနည်းဆုံးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆန်ကုန်မြေလေး မဖြစ်ပါစေနဲ့။ ဘာအကြောင်းကြောင့်မှ ဖြူစင်စိတ်ထား ပြောင်းမသွားစေနဲ့။ တွဲလက်စည်းလုံး ပျက်သုန်းမသွားစေနဲ့။ ဘေးမီးကြောင့် မပျက်စီးပါစေနဲ့။ သွေးထိုးခံရတိုင်း ရိုင်းစိုင်းမသွားပါနဲ့။ အရေးကြီးမှသွေးနီးတာထက် နဂိုကတည်းက တစ်သွေးတည်း မကွဲပဲနေရအောင်။
တို့အားလုံး သမိုင်းရဲ့တစ်စိတ်တစ်ပိုင်းပါ။ ကမ္ဘာကြီးရဲ့ နောက်လူသားတွေအတွက် အတိတ်စာမျက်နှာမှာ ကောင်းခြင်းတွေကို တို့တစ်တွေ ရေးထွင်းခဲ့ကြစို့။ အားလုံးအတွက် ဥပမာကောင်းတွေ ဖြစ်စေခဲ့မယ်။ အသံကောင်းဟစ်ရုံနဲ့ ရတနာမိုးတွေ ရွာမလာဘူး။ ပင်ပင်ပန်းပန်း ရုန်းကန်ကြမှ ပဒေသာပင် မြေကပေါက်လာမှာ။ ငါတစ်ထမ်း သူတစ်ရွက်နဲ့ တို့သမိုင်းကို ဆောက်ခဲ့ကြမယ်။ ဒီတော့.....တစ်ယောက်+တစ်ယောက်+တစ်ယောက်=အားလုံး...စည်းလုံးခြင်း ငြိမ်းချမ်းခြင်းနဲ့ အတူတကွလက်တွဲပြီး ကရင်လူမျိုးအားလုံးအတွက် စံပြုစရာဖြစ်စေရမယ်။
0 comments:
Post a Comment