လွမ်းရောင်သမ်းတဲ့ဇွဲကပင်
နေ၀န်းနီလည်း နှုတ်ဆက်သွားပေါ့
ငှက်ကလေးလည်း အိပ်တန်းတက်ပေါ့
အဝေးတစ်နေရာရောက်နေတဲ့ချစ်သူကို
ဆက်လက်စောင့်မျှော်ဖို့ အားတင်းလိုက်တယ်။
ညချမ်းရဲ့လေပြည်ဟာ...
ကျွန်မဆိုညည်းတဲ့ အလွမ်းသံစဉ်ကို
ကြေကွဲစွာနားထောင်ရင်း စုပ်သပ်နေလေရဲ့
အလွမ်းရဲ့ဂီတသံစဉ်ဟာ
ကျွန်မကို သူနဲ့အတူပျော်ဝင်ဖို့
ဆွဲငင်နေရှာတယ်။
ဆိတ်ငြိမ်လွန်းတဲ့ ကန်သာယာတံတားမှာ
ကျွန်မနဲ့အတူ..
အလွမ်းတွေသာ အဖော်ရှိတယ်။
ဟိုးအဝေးဆီက ဇွဲကပင်တာင်တန်းကြီးကတော့
ကျွန်မကိုသနားစဖွယ် ငေးကြည့်နေလေရဲ့။
မင်းနဲ့...
ပြန်မဆုံနိုင်တော့ဘူးဆိုတာ သေချာသွားပြီပေါ့
မင်းကိုဘယ်လောက်သတိရ လွမ်းနေရတယ်ဆိုတာ
ဘယ်သူမှမသိနိုင်ပေမဲ့လို့
လွမ်းရောင်သမ်းတဲ့ ဇွဲကပင်တောင်တန်းကြီးက
အသိဆုံး ဖြစ်ပါလိမ့်မယ်။
0 comments:
Post a Comment