နပိုလီယံဟေးလ်၏အောင်မြင်ရေးကျင့်စဉ် ဆယ့်ငါးချက်

474167l68h9nknqq.gif

နပိုလီယံဟေးလ်၏အောင်မြင်ရေးကျင့်စဉ် ဆယ့်ငါးချက်

အောင်မြင်ရေးဆိုသည်မှာ ပတ်ဝန်းကျင်ရှိ အခြားသူတို့အား မထိခိုက်မနစ်နာစေဘဲ မိမိ၏ရည်မှန်းချက် အထမြောက်အောင်ဆောင်ရွက်ရေးကို ဆိုလိုသည်။

နာမည်ကျော် အောင်မြင်ရေး အတွေးအခေါ်ဆရာကြီး နပိုလီယံဟေးလ် (Napoleon Hill) ကလူတစ်ဦး၏ ဘ၀အောင်မြင်မှုအတွက် အချက်ဆယ့်ငါးချက်နှင့် ပြည့်စုံရန်လိုကြောင်း (The Law Of Success) အမည်ရှိ အောင်မြင်ရေးကျမ်းကြီးတွင် စိစစ်ပြောဆိုခဲ့ရာ ဤဆောင်းပါးငယ်၌ ဆရာကြီး၏ အဆိုပါတွေ့ရှိချက်ကို ထုတ်နုတ်မှီငြမ်းကာ လိုရင်းအကျဉ်းချုပ်၍ ဖော်ပြလိုက်ပါသည်။

(၁) တိကျရေရာသော ဦးတည်ရည်မှန်းချက်တစ်ရပ်ရှိခြင်း
ရည်မှန်းချက်တွေများနေသည့်အခါ မရေမရာ ဇဝေဇ၀ါနှင့် ယောင်ခြောက်ဆယ်သမား ဖြစ်သွားတတ်သည်။ တိကျခိုင်မာသော ဦးတည်ချက်တစ်ရပ်ကို ဘ၀ရည်မှန်းချက်အဖြစ် ချမှတ်ကာ ကိုယ်စွမ်းအား စိတ်စွမ်းအားအပေါင်းကို ယင်းဆီသို့သာ မပြတ်ဦးတည် ရည်စူးထားရမည်။

(၂) မိမိ၏စွမ်းအားကို မိမိယုံကြည်မှုရှိခြင်း
အတ္တမာနကို မြှင့်တင်ရန်မဟုတ်။ မိမိလက်ရှိအရည်အချင်းနှင့် ရှေ့သို့တိုးမြှင့်နိုင်သည့် အလားအလာများကို ပကတိအတိုင်းသိရှိကာ ယင်းအပေါ်၌အခြေခံလျက် မိမိကိုယ်ကို ယုံကြည်စိတ် ထူထောင်ရန်ဖြစ်သည်။
ယုံကြည်စိတ်ပြည့်ဝနေသည့်အခါ အလုပ်လုပ်ရန် အမြဲထက်သန်နေပြီး မအောင်မြင်သူအဖြစ် လူရာမ၀င်မှာ ဆင်းရဲဒုက္ခရောက်မှာတို့ကို တွေးကြောက်နေခြင်း ဟိုရောဂါ သည်ရောဂါဝင်ကာ အရွယ်မတိုင်မီသေဆုံးရမှာ စိုးရိမ်နေခြင်းစသည့် စိတ်အင်အားဖြုန်းတီးမှုများ လျော့ပါးကင်းစင်သွားမည်ဖြစ်သည်။

(၃) ချွေတာစုဆောင်းတတ်သည့် အလေ့အထရှိခြင်း
မိမိဝင်ငွေ၏ ရာနှုန်းမည်မျှကို စုဆောင်းမည်ဟူ၍ တိကျသော သတ်မှတ်ချက်ရှိရန်လိုသည်။ ငွေကြေးမစုဆောင်းသူ၌ ငွေကြေးအင်အား ဖြစ်ပေါ်မလာနိုင်။ သင့်တင့်လျောက်ပတ်သော ငွေကြေးအစုဝေးသည် ပိုမိုကြီးမားသော ဓနအင်အားတည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအရင်းအနှီး ဖြစ်နိုင်သကဲ့သို့ လောကဓံမုန်တိုင်း တိုက်ခတ်ချိန်၌လည်း မှီတွယ်ခိုနားရာ အားကိုးတစ်ခုဖြစ်နိုင်ပေသည်။

(၄) တီထွင်ဆောင်ရွက်တတ်မှုနှင့် ဦးဆောင်တတ်မှုရှိခြင်း
မိမိအားထုတ်ကြိုးပမ်းရန် ရွေးချယ်ထားသောနယ်ပယ်၌ ဦးဆောင်သူတစ်ဦး ဖြစ်လာနိုင်ရေးအတွက် ထူးခြားသောအခြေအနေများကို မျက်ခြေမပြတ် ရှာဖွေကြည့်ရှုတတ်ရန် ယင်းကြည့်မြင်မှုအပေါ် အခြေခံကာ သူတစ်ပါးထက်ဦးစွာ ဆောင်ရွက်တတ်ရန်လိုသည်။ ထိုသို့ဦးစွာ လှုပ်ရှားသည့်အခါ ဦးဆောင်မှုအခန်းကို အလိုအလျောက် ရရှိလာပေမည်။

(၅) စိတ်ကူးဥာဏ်ကွန့်မြူးတတ်သူဖြစ်ခြင်း
စိတ်ကူးထုတ်တတ်သည့် အလေ့အကျင့် ရှိလာသည့်အခါ ဦးနှောက်သည် သွက်လက်နိုးကြွကာ ရည်မှန်းချက်နှင့် စပ်လျင်းသည့် အတွေးသစ်အကြံသစ်များ အမြဲထွက်ပေါ်နေမည်ဖြစ်သည်။

(၆) စိတ်အားထက်သန်မှုရှိခြင်း
စိတ်အားထက်သန်နေသည့်အခါ မိမိအလုပ်ကို မိမိထိထိရောက်ရောက် လုပ်ကိုင်နိုင်သကဲ့သို့ လုပ်ငန်းကိစ္စများအတွက် အခြားသူများနှင့် ဆက်ဆံရသည့်အခါ၌လည်း သွက်သွက်လက်လက် အားတက်သရော ရှိနေမည်ဖြစ်သည်။ သူတစ်ပါးနှင့်ဆက်ဆံရာ၌ စိတ်ပါလက်ပါ အားတက်သရောရှိသည့်အခါ ဆက်ဆံသူတိုင်းက နှစ်သက်ခင်မင်ကာ မိမိအပေါ် စိတ်ကောင်းစေတနာကောင်း ထားလာကြသည်။ တစ်နည်းပြောရလျှင် မိမိ၌ မျက်နှာမြင် ချစ်ခင်ပါစေဟူသော ဥပဓိရုပ်မျိုး ပေါ်လာသည်။

(၇) မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းရှိခြင်း
စိတ်အားထက်သန်မှုရှိသော်လည်း ယင်းကိုဆင်ခြင်ဥာဏ်ဖြင့် ထိန်းသိမ်းကွပ်ကဲနိုင်စွမ်း မရှိသည့်အခါ ပကတိအနေအထားကို မစဉ်းစားဘဲ ချက်ချင်းလက်ငင်း အတင်းလုပ်လိုမှု (၀ါ) ဆန္ဒစောမှုများ ဖြစ်လာတတ်သည်။ ထို့ကြောင့်ထက်သန်မှုစွမ်းအားကို အထိရောက်ဆုံး အသုံးချနိုင်ရန်အတွက် မိမိကိုယ်ကို ထိန်းချုပ်တတ်မှုနှင့် တွဲပေးထားရပေသည်။

(၈) တန်ရာတန်ဖိုးထက်ပို၍ လုပ်ပေးတတ်သောအလေ့အထရှိခြင်း
ဤသည်မှာ အောင်မြင်ရေးလမ်းစဉ် အရေးကြီးသည့် အချက်တစ်ရပ်ဖြစ်သည်။ မိမိဘက်မှ တစ်ခါတစ်ရံမျှပင် အနစ်နာမခံချင်ကြသော သူတို့သည် မည်သည့်နယ်ပယ်မျိုး၌ဖြစ်စေ အောင်ခြေအဆင့်မှ တက်လာကြလိမ့်မည် မဟုတ်ပေ။ မိမိအကျိုးခံစားခွင့်ရှိသည်ထက်ပို၍ ဆောင်ရွက်ပေးတတ်သူ တန်ရာတန်ဖိုးထက်ပို၍ ပေးတတ်သူများသာ အများ၏ချစ်ခင်လေးစားခြင်း ချီးမြှောက်ခြင်းခံရပြီး မိမိတို့နယ်ပယ်၌ ဦးဆောင်သူ လွမ်းမိုးသူများ ဖြစ်လာစမြဲ ဖြစ်သည်။

(၉) မျက်နှာမြင်ချစ်ခင်ပါစေဟူသော ဥပဓိရုပ်ရှိခြင်း
အချို့လူများ၌ လူချစ်လူခင်များခြင်းသည် မွေးရာပါအရည်အချင်းတစ်ရပ်ကဲ့သို့ဖြစ်၏။သို့သော် ၄င်းအရည်အချင်းကို လေ့ကျင့်မွေးမြူ၍ ရနိုင်သည်။ စိတ်အားထက်သန်မှုအကြောင်း ဖတ်ခဲ့စဉ်ကပင် ဥပဓိရုပ်ဟူသည်ကို လေ့ကျင့်ရယူနိုင်ကြောင်း ရိပ်စားမိခဲ့မည်ဖြစ်သည်။ စိတ်အားထက်သန်ခြင်း မိမိကိုယ်ယုံကြည်စိတ်ရှိခြင်းနှင့် ခြားသူများနှင့် ပူးပေါင်းဆောင်ရွက်မှုအကျိုးကို ယုံကြည်ခြင်းများ စွဲမြဲခိုင်မာလာလျှင် လူအများကလည်း မိမိအပေါ်ခင်မင်စိတ် ရိုင်းပင်းကူညီလိုစိတ်များ ပေါ်ပေါက်လာပေသည်။

(၁၀) မှန်ကန်သောအတွေးအမြင်ရှိခြင်း
ဤသည်မှာရေရှည်တည်တံ့သော အောင်မြင်မှုတိုင်းအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်သည်။ သင်၏ တွေးခေါ်ဆုံးဖြတ်ချက်များသည် သတင်းစကားတွင် အခြေမခံဘဲ အချက်အလက်(အမှန်)ပေါ်တွင် အခြေခံရလိမ့်မည်။ ဖြစ်စေချင်သည်တို့တွင် အခြေမခံဘဲ တစ်ကယ်ဖြစ်နေသည်တို့တွင် အခြေခံရလိမ့်မည်။ ပဓာနကိစ္စနှင့် သာမညကိစ္စတို့တွင် ခွဲခြားသိမြင်ကာ ပဓာနအရေးအောင်မြင်မှုအတွက် အခိုင်အမာဆုပ်ကိုင်သင့်သည်တို့ကို ဆုပ်ကိုင်၍ စွန့်လွှတ်သင့်သည်တို့ကို မတု့ံ့မနှေး စွန့်လွှတ်ပေးတတ်ရလိမ့်မည်။

(၁၁) တစ်ခုတည်း၌အာရုံစူးစိုက်တတ်ခြင်း
မည်သူမဆို တစ်ချိန်တည်း၌ အလုပ်နှစ်ခုသုံးခုမလုပ်နိုင်။ အကယ်၍ ယင်းသို့လုပ်ပါက ကိုယ်အားဥာဏ်အား စိုက်ထုတ်မှုများ ကျဲပြန့်ကာ မည်သည့်အလုပ်ကိုမျှ ထိထိရောက်ရောက် အောင်အောင်မြင်မြင် အဆောင်ရွက်နိုင်ဘဲ ရှိတတ်သည်။ ထို့ကြောင့်တစ်ချိန်မှာ တစ်ခုဘဲလုပ်သင့်သည်။ လုပ်သည့်အလုပ်ကိုလည်း သေချာပေါက် ပြီးမြောက်အောင်မြင်အောင် ရှိသည့်အင်အားကို အပြည့်အ၀စိုက်ထုတ်၍ ကျားကုတ်ကျားခဲ လုပ်ရန်လိုသည်။

(၁၂) သူတစ်ပါးနှင့်ပူးပေါင်းဆောင်ရွက်တတ်ခြင်း
ကြီးကျယ်သောလုပ်ငန်းကြီးများကို တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်၍မရနိုင်။ သင်၏အဓိကရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရေးအတွက် အခြားသူတို့၏ ကာယအား ဥာာဏအားများကို ယူငင်သုံးစွဲရန် လိုအပ်လိမ့်မည်။ သို့မဟုတ် သင့်အရည်အချင်း အစွမ်းအစနှင့် အခြားသူ၏ အရည်အချင်း အစွမ်းအစတို့ ပူးပေါင်းမှသာ လုပ်ငန်းတစ်ခု အထမြောက် အောင်မြင်နိုင်မည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်။ စိတ်အားထက်သန်မှု မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု သူတစ်ပါးတို့၏ အစွမ်းသတ္တိနှင့် စိတ်ကောင်းရှိများအပေါ် ယုံကြည်စိတ်ရှိမှု စသည်တို့အားဖြင့်သာ အများနှင့်ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းများ ထမြောက်အောင်မြင်နိုင်ပေမည်။

(၁၃) အရှုံးထဲကအမြတ်ထုတ်တတ်ခြင်း (၀ါ) အမှားထဲမှသင်ခန်းစာရယူတတ်ခြင်း
အမှားထဲမှသင်ခန်းစာယူတတ်လျှင် သင့်ရှုံးနိမ့်မှုသည် ယာယီရှုံးနိမ့်မှုသာဖြစ်သည်။ နောက်တစ်ကြိမ်သင်အောင်မြင်လိမ့်မည်။ သင်ခန်းစာမယူတတ်လျှင်ကား အကြိမ်ကြိမ်ရှုံး၍ နေလိမ့်မည်။
အမှားထဲမှသင်ခန်းစာယူသည်ဆိုရာ၌ ကိုယ့်အမှားကိုချည်းစောင့်ပြီး သင်ခန်းစာယူနေရန်မဟုတ်။ သူတစ်ပါးအမှားကိုလည်း ကြည့်ရှုဆင်ခြင်၍ သင်ခန်းစာယူတတ်ရလိမ့်မည်။ သူတစ်ပါးအမှားမှ သင်ခန်းစာရယူတတ်လျှင် သင်ကိုယ်တိုင်မှားစရာလိုမည် မဟုတ်တော့ပေ။

(၁၄) မတူသောအယူအဆပေါ်သည်းခံနိုင်စွမ်းရှ်ခြင်း
သည်းခံတတ်ခြင်းသည် အယူအစွဲမပြင်းထန်ခြင်း တစ်ပါးသူတို့၌ ကိုယ်ပိုင်အယူအဆများ ရှိနိုင်သည်ကို သဘောပေါက်ခြင်းနှင့် တိကျမှန်ကန်စွာ တွေးခေါ်တတ်ခြင်းတို့အပေါ်၌ မူတည်၏။ သူတစ်ပါးအမြင်ကို လက်ခံနိုင်စွမ်းမရှိလျှင် တဖြည်းဖြည်း အမြင်ကျဉ်းမြောင်းကာ အမှားအမျိုးမျိုး ကျူးလွန်မိလာနိုင်သည်။ သင် ယနေ့မှန်သည်ဟု ယုံကြည်ထားသော အယူအဆသည် သင်မွေးဖွားစဉ်က အတူပါလာသည့် အရာတစ်ခုမဟုတ်ရာ သင့်အနေနှင့် ၄င်းကိုအမြဲမျက်စိမှိတ် ကာကွယ်နေရန် အကြောင်းမရှိ။ သင်တန်ဖိုးထားရမည့်အရာသည် အမှန်တရားသာဖြစ်သည်။ အမှန်ကိုတွေ့ရှိရန်အတွက် အယူအဆအမျိုးမျိုးကို သင်တံခါးဖွင့်ပေးထားနိုင်ဖို့ လိုပေသည်။

(၁၅) စိတ်ကောင်းနှလုံးကောင်းရှိခြင်း
စိတ်ထားကောင်းမရှိလျှင် ပထမအချက်ဆယ့်လေးချက်သည် အချည်းနှီးအလဟဿ ဖြစ်လိမ့်မည်။ သင်သည် ဘ၀၌ ရုပ်ပိုင်းဆိုင်ရာအောင်မြင်မှု သို့မဟုတ် အခြားသူများထံမှ အောင်မြင်သူဟု အထင်ခံရမှုတို့ကို ရချင်ရမည်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းခြင်းနှင့်ယှဉ်သော အောင်မြင်မှု သို့မဟုတ် တစ်ကယ်စစ်မှန်၍ ရေရှည်တည်တံ့သော အောင်မြင်မှုကိုကား စိတ်ကောင်းနှလုံးကောင်း မွေးမြူမှသာလျှင် ခံစားရရှိနိုင်ပေမည်။

စိတ်ကောင်းနှလုံးကောင်းကို ပြုစုပျိုးထောင်ရန် နည်းလမ်းကား သူတစ်ပါးတို့နှင့် ဆက်ဆံဆောင်ရွက်သမျှတွင် မိမိဘက်က တရားမျှတမှုရှိအောင် သတိပြုခြင်းဖြစ်သည်။ သူတစ်ပါးနေရာတွင် မိမိကိုယ်ကိုထား၍ စဉ်းစားတတ်လာလျှင် (၀ါ) ကိုယ်ချင်းစာနာသည့် အလေ့အထရှိလာလျှင် တရားခြင်း မတရားခြင်းကို သင်အလွယ်တကူမြင်လာပါလိမ့်မည်။

ဤကျင့်စဉ် ဆယ့်ငါးချက်ကို သတိချပ်လိုက်နာနိုင်လျှင် သင့်ဘ၀အောင်မြင်ရေးသည် သေချာပြီဖြစ်ကြောင်း ခေတ်အဆက်ဆက်မှ အောင်မြင်ခဲ့သူပေါင်း မြောက်များစွာတို့ကို သက်သေသာဓကပြု၍ ဆရာကြီး နပိုလီယံဟေးလ်က အခိုင်အမာဆိုခဲ့ပါသည်။

0 comments: