လူမျိုးတစ်မျိုး ရေရှည်တည်တံ့ခြင်းသည် စာပေနှင့်ယဉ်ကျေးမှုအပေါ်တွင် မှုတည်ပါသည်။ စာပေနှင့်ယဉ်ကျေးမှုကို မိမိလူမျိုးက မည်မျှအထိ ချစ်မြတ်နိုးသည် ဖော်ထုတ်ထိန်းသိမ်းနိုင်သည် စသည်တို့မှာ အဓိကအကြောင်းများပင်ဖြစ်သည်။ စာပေသည် လူမျိုး၏အသက်ဖြစ်၍ ယဉ်ကျေးမှုသည် လူမျိုး၏ အဆင်တန်ဆာဖြစ်သည်။ အသက်ရှိမှ ယဉ်ကျေးမှုဖြစ်သည့် အဆင်တန်ဆာကို ၀တ်ဆင်နိုင်ပါမည်။
သို့ဖြစ်၍ စာပေနှင့်ယဉ်ကျေးမှုကို မဖြစ်မနေ ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရမည်မှာ လူမျိုးတိုင်းတွင် တာဝန်ရှိပါသည်။ ဗမာဆိုလျှင် ဗမာအလျောက် ကရင်ဆိုလျှင် ကရင်အလျောက် မိမိစာပေနှင့်ယဉ်ကျေးမှုအပေါ်တွင် တာဝန်ရှိပါသည်။ တာဝန်ရှိလျှင် တာဝန်သိရပါလိမ့်မည်။ တာဝန်သိလျှင် ၄င်းတာဝန်ကို ထမ်းဆောင်ရပါလိမ့်မည်။ တာဝန်သိလျက် တာဝန်ကို မထမ်းဆောင်နိုင်လျှင် လူမျိုးအပေါ် သစ္စာမဲ့ရာကျပေသည်။
သို့အတွက်ကြောင့် တာဝန်သိစွာဖြင့် မိမိတို့သည် မိမိတို့၏မြို့နယ်ဒေသတိုင်းတွင် စာပေနှင့်ယဉ်ကျေးမှုကို အဖွဲ့,ဖွဲ့စည်း၍ မိမိလူမျိုးတည်တံ့နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်သည်။ စာပေနှင့်ယဉ်ကျေးမှုကို ဖော်ထုတ်ထိနိးသိမ်းရာတွင်လည်း မည်သည့် တိုင်းရင်းသားလူမျိုးနှင့်မဆို ထိခိုက်နစ်နာမှုမရှိအောင် လုပ်ဆောင်ရန်လိုသည်။ တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် ကျွှုန်ုပ်တ်ု့နိုင်ငံသည် ညီညီညွတ်ညွတ်ဖြင့်နေထိုင်မှ တိုးတက်၍ ကောင်းခြင်းသုခကို ခံစားရပါလိမ့်မည်။
ကရင်စာပေသင်ပြမှု၊ သင်ယူမှုများသည် အမွန်မြတ်ဆုံးလုပ်ငန်းဖြစ်ပြီး ပညာပါရမီဖြည့်ဆည်းခြင်းပင်ဖြစ်ကြောင်း မိမိဘာသာစကားကို မပြောတတ် မဖတ်တတ်ပါလျှင် နှစ်ကြာလာသည်နှင့်အမျှ ဇာတိသွေး၊ ဇာတိမာန်ပျောက်ပျက်ပြီး ကရင်လူမျိုးဟူ၍ပင် ပြောလို့မလွယ်ကူတော့ပေ။ ခေတ်စနစ်တွေပြောင်းခဲ့ပြီမို့ စာပေသင်ကြားရာတွင် ဘာသာတရားဖြင့် ဆွဲဆောင်လို့မသင့်တော်သလို အယူသီးစရာလည်း မလိုအပ်တော့ပေ။
မိမိလူမျိုးကိုချစ်ပါသည် ဟုဆိုပါလျှင် မိမိလူမျိုး၏အသက်ဖြစ်သော စာပေကို ဘာသာရေးအယူမသီးပဲ မဖြစ်မနေ လက်ဆင့်ကမ်း သင်ပြပေးရပါလိမ့်မည်။ ခေတ်စနစ်တွေပြောင်းခဲ့လို့ အတွေးအခေါ်တွေလည်း ပြောင်းလာခဲ့ပြီဖြစ်သည်။ မသင့်တော် မဖြစ်နိုင်သည့်အရာတစ်ခုကို အသေဆုပ်ကိုင်ထားသင့်/မသင့်ကို နားလည်ရပါမည်။
ဤကရင်စာပေ (စကော+ပိုး=အရှေ့+အနောက်) သည် ရှေးနှစ်ပေါင်းများစွာက ဘိုးဘွားများပြောဖူးသည့် အရှေ့ပိုးကရင်အခေါ် (လိက်ဆောင့်ဝီ့) အနောက်ပိုးကရင်အခေါ် (လိတ်ဆန်ဝှေ့) စာပေပျောက်ခဲ့၍ (သို့) မထိန်းသိမ်းနိုင်ခဲ့၍ အစားထိုးရသည့်စာပေဟုဆိုလျှင် မှန်ပေလိမ့်မည်။ မိမိလူမျိုးဘ၀အတွက် အသုံးပြု၍ အဆီလျော်ဆုံးစာပေဖြစ်လို့ မြှင့်တင်အသုံးပြုရပေမည်။ ၄င်းပြင် ယခုကရင်စာပေသည် နှစ်ပေါင်းများစွာက ဗုဒ္ဓဘာသာဝင်ကရင်ရော ခရစ်ယာန်ဘာသာဝင်ကရင်ရော အခိုင်အမာအသိအမှတ်ပြု လက်ခံသုံးစွဲလာခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ဤစာပေသည် ကရင်စာပေဖြစ်သည်ဟု အသိအမှတ်ပြု ပြဌာန်းလာခဲ့ခြင်းဖြစ်သည်။
ဤကရင်စာပေကို တန်ဖိုးထား အသုံးမပြုနိုင်ပါက မိမိလူမျိုးသာ ပျောက်ဖို့ရှိလိမ့်မည်။ မိမိလူမျိုးရပ်တည်ဖို့ ဤကရင်စာပေရှိ၍ ဤကရင်စာပေကိုသာ အသုံးပြုရမည်ဖြစ်သည်။ စာပေဆိုသည်မှာ သင်္ကေတသာဖြစ်၍ မိမိလူမျိုးဘ၀အတွက် အသုံးပြုရာတွင် ဆီလျော်၍ ကိစ္စပြီးမြောက်ဖို့သာလိုသည်။ စာပေသည် လူမျိုးအသက်ဖြစ်သောကြောင့် မိမိလူမျိုး အသက်မထွက်ဖို့ စာပေအဟာရကို သုံးဆောင်ရပေမည်။ စာပေအဟာရကို မသုံးနိုင်ပါက မကြာခင် မိမိလူမျိုး တဖြည်းဖြည်း အနုတ်လက္ခဏာပြလျက် အသက်ထွက်သွားနိုင်ပါသည်။ တချို့ဒေသ၌ ကရင်စာပေအဟာရကို မသုံးဆောင်ရသောကြောင့် ကရင်ဆိုသော်လည်း စကား၊ စာပေအသက်ထွက်နေသည့် ကရင်များစွာပင် တွေ့နိုင်ပါသည်။ တချို့တော့ လူမျိုးပါပျောက်ပြီး လုံးဝအသက်ထွက်တော့မည် ကရင်များလည်းရှိလေသည်။
ထို့ပြင် တချို့ကျေးရွာဒေသ၌ ကရင်စကားမပြာတတ်ကြတော့လို့ မိမိသည် ကရင်ဟု ပြောရမှာ ရှက်လာကြသည်။ ဇာတိသွေး ဇာတိမှန်ပျောက်လို့လာသည်။ မိမိလူမျိုးအား ဂုဏ်ယူရမှန်းမသိ နားမလည်တော့ပဲ ဖြစ်နေသည်။ အထူးသဖြင့် ဇာတိသွေး ဇာတိမာန်ပေါ်ထွက်၍ ဂုဏ်ယူနိုင်အောင် မိမိလူမျိုးဘ၀သမိုင်းကို များများလေ့လာဖတ်ရမည်။ မိမိလူမျိုးဘ၀နှင့် သက်ဆိုင်သည့် စာအုပ်စာတမ်းကို ရှာဖွေလေ့လာရပါမည်။ ရှေ့မီနောက်မီ လူကြီးများကိုလည်း မေးမြန်းမှတ်သားပြီး မိမိသမိုင်းမပျောက်ဖို့ ကြိုးစားမှတ်တမ်းပြုပါ။ မိမိ၏ လူမျိုးစာပေနှင့် ယဉ်ကျေးမှုများကိုလည်း ချစ်မြတ်နိုး အထင်ကြီးဖို့လည်း လိုပါသည်။ ၄င်းတို့ကို အထင်ကြီးမြတ်နိုးရမှန်းမသိပဲ သူတစ်ပါးတို့ကို အထင်ကြီးသမျှကာလပတ်လုံး မည်သည့်အခါမျှ မိမိလူမျိုး တိုးတက်ဖို့ရာ မလွယ်ကူလှပေ။
မိမိလူမျိုး အသက်မထွက်ခင် အမြော်အမြင်ကြီးစွာဖြင့် ညီညီညွတ်ညွတ် စာပေနှင့်ယဉ်ကျေးမှုကို လုပ်ဆောင်ရမည့် အမျိုးသားရေးလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ဆောင်ကြဖို့လိုသည်။ မိမိအမျိုးသားရေးကို လုပ်ဆောင်ရာတွင် ကရင်အမျိုးသား အဖွဲ့အစည်းအနေဖြင့် မည်သည့်လုပ်ငန်းလုပ်ဆောင်ရာ၌ ဘာသာရေးကို ရှေ့တန်းမတင်ပဲ လွတ်လပ်စွာ ကိုးကွယ်မှုကိုအားပေးကာ အရည်အချင်းမြင့်မားမှုကိုသာ အဓိကထားရန်လိုသည်။ အခြားအရည်အချင်းများကို အဓိကထားရွေးချယ်သလို မဖြစ်မနေပါဝင်ရမည့် နောက်ထပ်အရည်အချင်းတစ်ခုမှာ ကရင်စကားနှင့် ကရင်စာပေကို မမေ့မလျော့ပဲ ထိန်းသိမ်းပြီး မိမိလူမျိုးကို မြှင့်တင်ရာရောက်သလို မိမိ၏စကားစာပေကိုလည်း မြှင့်တင်ရာရောက်ပေသည်။
မိမိတို့လူမျိုး ရေရှည်တည်တံ့မှုကိုရှေးရှု၍ စာပေနှင့်ယဉ်ကျေးမှုကို မြှင့်တင်ကြပါရန် တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်
1 comments:
မအားပဲ လာဖတ်၊ ဖတ်ပြီးလည်း မရေးပဲ မနေနိုင်၊ ခက်ကြပြီပေါ့။
အတိုချုပ်ပြီး အချက်လေးတွေ ထုတ်ကြည့်ချင်ပါတယ်။
- ကရင်အများစုလက်ခံတဲ့ ကရင်စာဆိုတာကတော့ လူစုံတက်စုံနဲ့သာ
ထိုင်ငြင်းကြရရင် အဆုံးအစ မြင်နိုင်စရာ မရှိဖူးထင်ပါတယ်၊
- တာဝန်ဆိုတာ .. တာဝန်သိမှ တာဝန်ရှိတယ်လို့ ယူဆပါတယ်၊
တာဝန်သိအောင်၊ တာဝန်ယူချင်လာကြအောင် လမ်းကြောင်းပေး
ဖို့ကတော့ (လူကြီးတွေအပါအဝင်) တာဝန်သိပြီးသား လူတွေရဲ့
တာဝန်လို့ မြင်ပါတယ်၊ (ကိုယ်လည်းပါတာပေါ့လေ၊)
- နောက်ဆုံးအချက်ကတော့ လူမျိုး၊ စာပေနဲ့ ယဉ်ကျေးမှုတွေကို
ချစ်လာအောင်ဆိုပြီး အတင်းခိုင်းလို့ မရဖူးလို့ ယုံကြည်ပါတယ်၊
“ထိုင်နေလို့တော့ ဘာမှဖြစ်မလာဖူး” ဆိုပြီး စကားလည်း ရှိပါတယ်၊
ဒီတော့ ချစ်လာအောင်၊ ဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ
နည်းလမ်းဝိုင်းဝန်းရှာဖို့ လိုတယ်ဆိုရင်တော့ ယေဘုယျအားဖြင့်
လက်ခံကြမယ် ထင်ပါတယ်၊
ဆက်ရေးရင် မျက်စိနောက်မယ့်သူနဲ့၊ ဆရာကြီးလုပ်တယ် စွပ်စွဲမယ့်
သူတွေနဲ့ ပို့စ်တစ်ခုစာလည်း ဖြစ်သွားတော့မှာမို့ ဒီလောက်နဲ့ပဲ
တော်ထားပါမယ်။
မန်းကိုကို
http://mahnkoko.blogspot.com/
Post a Comment