ဖော်ထုတ်ကြပါတို့ရိုးရာ

474167l68h9nknqq.gif
ကမ္ဘာပေါ်ရှိလူသားတို့သည် မွေးဖွားလာသည်မှစ၍ သေဆုံးသည့်တိုင်အောင် ယဉ်ကျေးမှု ရိုးရာဓလေ့ ကိုယ်စီကိုယ်ငှ ရှိကြသူတိုင်းဖြစ်သည်။ မိမိ၏လူမျိုး ယဉ်ကျေးမှုဓလေ့ထိလာသူကို ပြန်လည်တွန်းလှန်တတ်ကြသည်မှာ ရှေးပဝေသဏီကတည်းက ရှိခဲ့ပါသည်။ ထိုအထဲတွင် ကျွန်ုပ်တို့ ကရင်အမျိုးသားများသည်လည်း ခိုင်မာသော ယဉ်ကျေးမှုသမိုင်းဖြင့် ဆင်းသက်ပေါက်ဖွားလာခဲ့ကြပါသည်။ ကျွန်ုပ်တို့ ကရင်လူမျိုးများ၏ သဘာဝဓလေ့စရိုက်သည် ရိုးသားခြင်း ရောင့်ရဲလွယ်ခြင်း အေးချမ်းစွာနေထိုင်လိုခြင်း သူတစ်ပါးကို ရန်မမှုလိုခြင်း ရန်ပြုလာသူကိုပင် ထိုက်သင့်သည့်အလျောက် ခွင့်လွတ်စိတ်ထားရှိခြင်း ထိုသို့သော ဓလေ့စရိုက်မျိုးဖြင့်နေလာခဲ့သော ကျွန်ုပ်တို့ ကရင်လူမျိုးများသည် တစ်ပါးသောသူတို့က ''ငတုံး ငအ'' ဟုဆိုကာ အခွင့်ကောင်းယူတတ်ကြသည်။ ပင်ကိုယ်အားဖြင့် ကျွန်ုပ်တို့လူမျိုးသည် လောဘအလွန်နည်းသူလည်း ဖြစ်ပါသည်။ လောဘဟုဆိုရာမှာ လောဘမရှိလျှင်မကောင်း လောဘကြီးလွန်းလျှင်လည်း မသင့်ပေ။

ယနေ့ခေတ်အနေဖြင့် လူသားတို့သည် နိုင်ငံရေးလောဘ စီးပွားရေးလောဘ ပညာရေးလောဘဖြင့် လူတကာသူတကာထက် ရှေ့တန်းသို့ရောက်အောင် ကြိုးစားကြသူချည်းပင်ဖြစ်သည်။ ဤသည်မှာ လောဘအလွန်နည်းသော ကျွန်ုပ်တို့ ကရင်လူမျိုးတို့အဖို့ မဟာအားနည်းချက် တစ်ရပ်ပင်ဖြစ်သည်။ အလွယ်ကူဆုံးပြောရမည်ဆိုလျှင် စီးပွားရေး အချက်အအချာကြသော နေရာများမှာ စားသောက်ဆိုင်များ စီးပွားရေနှင့် ပတ်သက်သည့် လုပ်ငန်းများဆိုလျှင်ပင် အဖြေပေါ်နေပါပြီ။ ရိုးရာအစားအသောက် ရောင်းသောဆိုင်များတွင်လည်း ကျွန်ုပ်တို့ရိုးရာကို ဖော်ကျူးသည့် ရိုးရာစားသောက်ဆိုင်ဆိုလျှင် အလွန်ပင်နည်းပါးလှပါသည်။ ရိုးရာဖော်ကျူးသည့် စားသောက်ဆိုင်များတွင် ကျွန်ုပ်တို့ကရင်လူမျိုး ကြည့်ပါက အခြားလူမျိုး၏ အစားအသောက်သာများပါသည်။ ကရင်လူမျိုးအများအပြားရှိသော ကျွန်ုပ်တို့နိုင်ငံတွင် ကရင်ရိုးရာစားသောက်ဆိုင် အလွန်နည်းပါးသည်ကို လွန်စွာစိတ်မကောင်း ဖြစ်မိပါသည်။ အင်အား အခြေအနေ အချိန်အခါအရ မလုပ်နိုင်သေးသည့် ကရင်လူမျိုးများရှိသလို တတ်နိုင်သော ကရင်လူမျိုးတွေကိုလည်း လုပ်စေချင်ပါသည်။ ယခုလို တိုးတက်နေသောခေတ်ကြီးမှာ လောဘမရှိလျှင် ကျိန်းသေကျန်ခဲ့မှာ မြေကြီးလက်ခတ်မလွဲနိုင်ပါ။

မိမိတို့ ကရင်ရိုးရာစားသောက်ဖွယ်ရာများကို မဖော်ထုတ်မထိန်းသိမ်းနိုင်ပါက တစ်ပါးသောသူတို့က ''သြော် သူတို့က ရိုးရာအစားအသောက် မရှိပါလား'' ဟုဆိုပြီး ဟားတိုက်ရယ်မောနေကြပေမည်။ မိမိတို့ ဘိုးဘွားလက်ထက်က လက်ဆင့်ကမ်းလာခဲ့သော ရိုးရာများကို မမှိတ်မသုန် ပျောက်ကွယ်နိုင်ဖွယ်ရာရှိပါသည်။ မိဘဘိုးဘွားတို့ထားခဲ့သော ရိုးရာဓလေ့များကို ထင်ဖော်ကျော်ကြားအောင် ဖော်ထုတ်နိုင်ပါက ကျွန်ုပ်တို့ကရင်လူမျိုးတို့၏ ဘိုးဘွားအတွက် ဂုဏ်ရှိသလို ဘိုးဘွားဘီဘင်တို့အား ကျေးဇူးဆပ်ရာလည်းရောက်ပေသည်။ ကဏ္ဍစုံဖော်ထုတ်သည့် ရိုးရာယဉ်ကျေးမှု ဓလေ့များထဲတွင် ရိုးရာစားသောက်ဓလေ့ကိုလည်း ခေတ်၏ယဉ်ကျေးမှုနှင့် ရင်ဘောင်တန်းနိုင်အောင် ဖော်ထုတ်သင့်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကရင်ရိုးရာစားသောက်ဖွယ်ရာများကို ရိုးရာမှီ၍ တိုးတက်နေသောခေတ်သစ်ဆီသို့ စီမံဖန်တီးသွားနိုင်ပါက ဘက်စုံဖွံဖြိုးသည့် ရိုးရာယဉ်ကျေးမှုဓလေ့ ပြယုဂ်တစ်ရပ်ဖြစ်လာနိုင်ပါကြောင်း ခံစားမိသဖြင့် ဤသို့ တင်ပြရေးသားလိုက်ရပါသည်။

0 comments: