စည်းကမ်း

474167l68h9nknqq.gif
''စည်းကမ်းသည်လူ၏တန်ဖိုး'' ဆိုသည့်စကားအလျောက် စည်းနှင့်ကမ်းစကားနှစ်လုံး၏ အဓိပ္ပာယ်ကို သေချာစွာသိရှိဖို့အရေးကြီးပါသည်။ ဘိုးဘွားဘီဘင်တို့က နောင်လာနောက်သားတို့အတွက် ဘေးမသီရန်မခစေဖို့ ကာရံပေးထားခဲ့သော စည်းကမ်း တစ်ခုဖြစ်ကြောင်း အလေးထားသိရှိရန် အလွန်ပင်အရေးကြီးပါသည်။

စည်း ဆိုသည့်စကားလုံးသည် ရှေးယခင်ကာလများမှာ လူသားတို့သည် တောကြီးမျက်မည်း၌ နေထိုင်ရစဉ်ကာလများတွင်
သားရဲတိရစ္ဆာန်များနှင့် လူဆိုးသူခိုးများတို့၏ရန်ကို ကြောက်ရွံ့ကြရသဖြင့် မိမိတို့လုံခြုံမှုအတွက် မိမိတို့နေထိုင်ရာ အစုအဝေးကို စည်းရိုးစည်းခြံများ ကာရံထားကြရပါသည်။

ထိုသို့ ကာရံထားခြင်းဖြင့် အန္တရာယ်ကင်းဝေးလျက် စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်ကြပါသည်။ သည့်အတွက် ဘေးရန်ကင်းရေးအတွက် စည်းခြံအတွင်း၌သာ နေထိုင်ရမည်ဖြစ်ပြီး စည်းအပြင်မှာ နေထိုင်ပါက ဘေးအန္တရာယ်နှင့်သာ ကြုံတွေ့နေရမည် ဖြစ်ပါသည်။

ကမ်း ဆိုသည့်စကားသည် မြစ်ချောင်းများတွင် ကမ်းနှင့်ကာရံထားခြင်းဖြင့် မြစ်ချောင်းရေသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း စီးဆင်းသွားသဖြင့် ထိုမြစ်ချောင်းတို့ကို အမှီပြုလျက် သစ်ဖောင်များမျှောခြင်း လှေသမ္ဗာန် သင်္ဘောများသွားလာခြင်းများ ပြုလုပ်နိုင်သဖြင့် လူသားတို့အတွက် အထူးပင်အသုံးဝင် အကျိုးပြုနိုင်ပါသည်။ သို့ရာတွင် ကမ်းဖြင့် ကာရံထားခြင်းမရှိသော မြစ်ချောင်းများမှာ ဦးတည်ရာမဲ့ စီးဆင်းမှုကြောင့် စိုက်ခင်းသီးနှံများအား ဖျက်ဆီးရုံသာမက လူသားများ၏ အသက်အိုးအိမ်ကိုပါ ဖျက်ဆီးကြသဖြင့် လူသားတို့အတွက် အကျိုးမဲ့ခြင်း ဒုက္ခဖြစ်ခြင်းကို ဖြစ်စေသောကြောင့် တန်ဖိုးမဲ့သော မြစ်ချောင်းတစ်ခု ဖြစ်စေပါသည်။ သည့်အတွက် လူတိုင်းသည် စည်းမှာနေ၍ လူ့လောကတွင် တန်ဖိုးရှိသောသူ ဖြစ်နိုင်ပေမည်။

စည်းအတွင်းမှာနေလျက် သွားရာလမ်းကြောင်းကို ကမ်းဖြင့်ကာရံထားပါမှ ကရင်အမျိုးသားများ အားလုံးအတွက် အကျိုးကိုဖြစ်စေမှာ ဖြစ်ပါသည်။ အတိတ်၏မှားခြင်းနှင့်မှန်ခြင်းသည် ပစ္စုပ္ပန်တွင် ခံစားခြင်းနှင့် စံစားခြင်းကို ရရှိသလို၊ ပစ္စုပ္ပန်၏မှားခြင်းနှင့်မှန်ခြင်းသည်လည်း အနာဂတ်ကာလတွင် ခံစားခြင်းနှင့် စံစားခြင်းများကို အနာဂတ်မျိုးဆက်သစ်လူငယ်များ မလွဲမသွေ ကြုံတွေ့သွားကြရမှာ ဖြစ်ပေသည်။ သို့ပါ၍ ယခုမျက်မှောက်ကာလတွင် အနာဂတ်လူငယ်များ အကျိုးအတွက်လည်းကောင်း၊ မိဘဘိုးဘွားများ၏ထားခဲ့သော အမွေအနှစ်များကိုလည်းကောင်း အဓွန့်ရှည်စွာ ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အမှားကိုမလုပ်မိရန် စည်းအတွင်းမှာနေလျက် ကမ်းဖြင့်ကာရံထားပြီး အနာဂတ်ခရီးကို လျှောက်လှမ်းနိုင်မည်သာ ဖြစ်ပါသည်။

0 comments: