ကရင့်အနာဂတ် ဘ၀နှင့်အလှ

သင့်ကိုယ်သင် ခေါင်းဆောင်ကောင်းလို့မြင်ပါသလား။ ခေါင်းဆောင်ကောင်းသည် အိမ်ထောင်မှာသော်လည်းကောင်း၊ လူမျိုးမှာသော်လည်းကောင်း မရှိမဖြစ်လိုအပ်ပါသည်။ မူးယစ်သောက်စား၍ အိမ်ထောင်ရေး၊ အမျိုးသားရေး ထိခိုက်နစ်မွန်းမည်ဆိုပါက ခေါင်းဆောင်များသည် အသက်ပေးပြီး ပြောင်းလဲပြင်ဆင်ရမည်ဆိုလျှင် အသက်ပင်လျှင်သေပါစေ ပြောင်းလဲရမည်ဖြစ်သည်။ ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အရေးကြီးပါသည်။ သို့သော် ကျွန်ုပ်တို့အတွင်းမှာ ရန်သူဖြစ်သော အရက်ကြောင့် ကျွန်ုပ်တို့လူမျိုးများ ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရ၍ ငြိမ်းချမ်းခြင်းကို လက်လွတ်ဆုံးရှုံးရပါသည်။ အပျော်အပါး လိုက်စားခြင်းသည် ပျက်စီးရာလမ်းဖြစ်သည်။

ပျော်ပါးခြင်း အမျိုးမျိုးရှိပါသည်။ တချို့ ကာမဂုဏ်၌ ပျော်ပါးခြင်းပြုသည်။ ကာမဂုဏ်ပျော်ပါးခြင်းသည် ယောက်ျား၊ မိန်းမ အတူတူပင် ဖြစ်သည်။ ရလဒ်မှာ (AIDS) ဝေဒနာဖြစ်သည်။ မည်သို့မျှကုမရနိုင်သော ရောဂါဖြစ်ပါသည်။ လောကအပျော်အပါး လိုက်စားခြင်းသည်လည်း ဆုံးရှုံးခြင်းသို့ ပို့ဆောင်နေပါသည်။ အပျော်အပါးသည် လူငယ်များ၌ ပို၍ဖြစ်နေတတ်ပါသည်။ တစ်ခါက လူကြီးသူမ ဆုံးမခဲ့ဖူးသည်မှာ ကျားတစ်ကောင်တည်းမှ လူ (၂၀) ယောက်ကိုစားခဲ့သည်။ ထိုသိုဖြစ်ရခြင်းမှာ လူငယ်များသည် တောထဲ၌ အဖွဲ့လိုက် ပျော်ပါးမှုကိုရှာခြင်းကြောင့် ဖြစ်ခဲ့ရသည်။ အဓိကအချက်မှာ မူးယစ်သောက်စား ပျော်ပါးခြင်းကြောင့် ဖြစ်ပါသည်။ အရက်ကြောင့် နိုင်ငံအတွက်၊ လူမျိုးအတွက် ဆုံးရှုံးခြင်း ဖြစ်ရပါသည်။ လူမျိုးကို ထိန်းသိမ်းဖို့ လိုနေသည်မှာ ချမ်းသာကြွယ်ဝမူမဟုတ်ပါ။ ပညာသတိဖြင့် ဆင်ခြင်ရန်သာ ဖြစ်ပါသည်။

အချို့ကရင်လူမျိုးများသည် အခြားသောလူမျိုးခြားနှင့်အိမ်ထောင်ပြုကြသည်။ ''တို့ကရင်အမျိုးသားတွေ အများကြီးရှိရဲ့သားနဲ့ ဘာကြောင့်လူမျိုးခြားကို အိမ်ထောင်ဖက်ရွေးရတာလဲ '' သူငယ်ချင်းတစ်ယောက်ကို မေးခဲ့ဖူးပါသည်။ ကရင်အမျိုးသားလေးတွေဟာ အရက်သမားတွေဖြစ်နေကြလို့ပဲဟု အဖြေပေးလိုက်ပါတယ်။ အဲဒီအဖြေကြောင့် တို့ကရင်အမျိုးသားလေးတွေဟာ အရက်သမားအများစုဖြစ်ပြီး အိမ်ထောင်ဘက်အဖြစ် အားကိုးအားထားပြုလောက်အောင်ကို မရှိကြတော့ပြီလားဟု ယူကျူံးမရဖြစ်၍ စိတ်မကောင်းခြင်းများစွာ ခံစားလိုက်ရပါသည်။

မူးယစ်သောက်စားခြင်းသည် အောင်မြင်ခြင်း ဘ၀ပန်းတိုင်ဆီသို့ ရောက်ရှိခြင်းကို အတားအဆီး ဖြစ်စေပါသည်။ တကယ်တော့ ထိုအရာသည် အတွင်းရန်သူပင် ဖြစ်ပါသည်။ သာယာသော လောကကမ္ဘာကြီးကို လက်လွတ်ရမည်။ အရက်ကြောင့် အသည်းကျွမ်းရောဂါဖြင့် ''ဝေပါသော်လည်း အကြွေစောခဲ့ရသူ'' အဖြစ်သနစ်များကို ကြားသိရ၍ ကိုယ့်လူမျိုးများ၏ အဖြစ်သနစ်အတွက် လွန်စွာမှပင် ရင်နာဖွယ်ရာ ဖြစ်ခဲ့ရပါသည်။ မအိုမနာသောဘ၀ကို အလွယ်တကူ ဆုံးရှုံးရမည့် အကြောင်းရင်းကတော့ မူးယစ်သောက်စားခြင်းသာလျှင် အဓိကတရားခံ ဖြစ်ပါတော့သည်။

သို့သော် သောက်သုံးသူတိုင်းသည် မိမိအတိုင်းအတာ (limit)ကို သိရပါမည်။ တန်ဆေးလွန်ဘေး ဆိုသကဲ့သို့ အရက်သည် သောက်တတ်လျှင်ဆေး မသောက်တတ်လျှင်ဘေး ဖြစ်ပါသည်။ အရက်သေစာကို သောတပန်တည်မည့် ပုဂ္ဂိုလ်အလား ရှောင်ကျဉ်နေစရာ မလိုသည့်တိုင် အချိန်ကာလ နှင့်နေရာဒေသအပေါ်မူတည်၍ ဥာဏ်နှင့်ယှဉ်ကာ သောက်သုံးသင့်ပါသည်။ဲအကောင်းဆုံးကတော့ အရက်ကိုအပြီးအပိုင် ဖြတ်နိုင်လျှင် ပိုကောင်းပါသည်။ ယခုမျက်မှောက်ခေတ်တွင်လည်း ကရင်တစ်မျိုးသားလုံး၏ အမည်နာမကို မှေးမှိန်၊ ဖုံးကွယ်၊ သိက္ခာကျစေတဲ့အရက်ကို ရှောင်ရှားသင့်ကြပါပြီ။ ဒါကြောင့် မျိုးဆက်သစ် ကရင်လူငယ်များ ကရင့်အနာဂတ်နှင့် ဘ၀လှဖို့အတွက် တို့ကရင်လူမျိုးများ အရက်ကင်းသင့်ပါပြီဟု တိုက်တွန်းလိုပါသည်။

0 comments: